စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

Posted on Updated on

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အပြီးသတ်အစီရင်ခံစာ

နိဒါန်း

၁။       ၂၀၁၂ ခုနှစ်၊နိုဝင်ဘာလ ၂၃ ရက်နေ့တွင်ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ တင် သွင်းခဲ့သည့် အရေးကြီးအဆိုတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံ တောင်း တောင်ကြေးနီစီမံကိန်းနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ရန် သင့်/မသင့် စုံစမ်းစစ် ဆေးရေး ကော်မရှင်ကိုပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊နိုင်ငံတော်သမ္မတရုံးမှ အမိန့်ကြော်ငြာစာအမှတ် (၉၅/ ၂၀၁၂)အရ ၂၀၁၂ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဥက္ကဌအပါအ၀င် အဖွဲ့ဝင် ၁၆ ဦးဖြင့်ဖွဲ့စည်းပေးခဲ့ ပါသည်။

၂။       စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် စီမံကိန်းနှင့် ပတ်သက်၍ ကျေးရွာလူထုခံစားနေရသည့် ပြည်သူ့အသံများအပါအ၀င် စီမံကိန်းနှင့်ပတ်သက်သည့် အချက်အလက်များကိုစုံစမ်းပြီး သုံးသပ်ချက်နှင့် တကွ တင်ပြနိုင်ရန် အဖွဲ့များဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။

ရည်ရွယ်ချက်

၃။       စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကြေးနီမိုင်းလုပ်ငန်း ဆက်လက်လုပ်ဆောင်ခွင့်ပြုရန် သင့်မသင့်နှင့်  ပတ်သက်၍ ဆက်စပ်လုပ်ငန်းများနှင့် ဖြစ်စဉ်ဖြစ်ရပ်အမှန် ပေါ်ပေါက်လာစေရေးစုံစမ်း စစ်ဆေးရန်အတွက် လည်းကောင်း၊ ဥပဒေစိုးမိုးရေးနှင့်နိုင်ငံ၏အနာဂတ်အတွက် အရေးပါသောလုပ်ထုံးလုပ်နည်း၊ အစဉ်အလာများ ပေါ်ထွန်းစေရေးအတွက်လည်းကောင်း သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များတင်ပြနိုင်ရန်။

စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း

၎။   စုံစမ်းစစ်ဆေးရေးကော်မရှင်ကို အောက်ပါပုဂ္ဂိုလ်များဖြင့်ဖွဲ့စည်းထားပါသည်-

(က)     ဒ်ါအောင်ဆန်းစုကြည်                                                                      ဥက္ကဌ

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်                                                                  ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ်မဲဆန္ဒနယ်

(ခ)     ဦးလွန်းသီ                                                                                     အဖွဲ့ဝင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ်မဲဆန္ဒနယ်

(ဂ)     ဦးသန်းမြင့်                                                                                    အဖွဲ့ဝင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

စစ်ကိုင်းတိုင်းဒေသကြီး ၊ဆားလင်းကြီးမြို့နယ်မဲဆန္ဒနယ်

(ဃ)    ဒေါ်ခင်စန်းလှိုင်                                                                              အဖွဲ့ဝင်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်မဲဆန္ဒနယ်

(င)     ဦးဇော်မြင့်ဖေ                                                                                 အဖွဲ့ဝင်

အမျိုးသားလွှတ်တော်ကိုယ်စားလှယ်

မန္တလေးတိုင်းဒေသကြီး၊ အမှတ်(၅)မဲဆန္ဒနယ်

(စ)     ဦးမောင်မောင်အေး                                                                          အဖွဲ့ဝင်

Senior Consultant on Social Assessment

Myanmar Environmental Institute

(ဆ)    ဦးဝင်းထိန်                                                                                    အဖွဲ့ဝင်

ညွှန်ကြားရေးမှူးချုပ်၊သတ္တုတွင်းဦးစီးဌာန

သတ္တုတွင်းဝန်ကြီးဌာန

(ဇ)     ဦးမြင့်ဆွေ                                                                                    အဖွဲ့ဝင်

ညွှန်ကြားရေးမှူးချုပ်၊ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန

လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

(ဈ)     ဦးတင်မြင့်                                                                                    အဖွဲ့ဝင်

ဒုတိယညွှန်ကြားရေးမှူးချုပ်

အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ပြည်ထဲရေးဝန်ကြီးဌာန                                                                                        (ည)    ဦးလှမောင်သိန်း                                                                                       အဖွဲ့ဝင်

ဒုတိယညွှန်ကြားရေးချုပ်

ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန

ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်သစ်တောရေးရာဝန်ကြီးဌာန

(ဋ)     ဒေါက်တာမြင့်သိန်း                                                                          အဖွဲ့ဝင်

ညွှန်ကြားရေးမှူး၊လုပ်ငန်းခွင်ကျန်းမာရေးဌာန

ကျန်းမာရေးဝန်ကြီးဌာန

(ဌ)     ဒုတိယဗိုလ်မှူးကြီးအောင်သန်း                                                             အဖွဲ့ဝင်

ကာကွယ်ရေးဝန်ကြီးဌာန

(ဍ)     ဦးဗိုလ်သန်း                                                                                   အဖွဲ့ဝင်

ကံကုန်းရွာ၊ကျောက်မျက်ကျေးရွာအုပ်စု

ဆားလင်းကြီးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

(ဎ)     ဦးအောင်ဇော်ဦး                                                                                       အဖွဲ့ဝင်

ဝက်မှေးရွာ၊ရွာရှည်ကျေးရွာအုပ်စု

ဆားလင်းကြီးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

(ဏ)    ဦးဘိုဌေး                                                                                      အဖွဲ့ဝင်

တုံရွာမ၊တုံကျေးရွာအုပ်စု

ဆားလင်းကြီးမြို့နယ်၊စစ်ကိုင်းတိုင်းဒေသကြီး

(တ)    ဦးကျော်တင့်ဆွေ                                                                             အတွင်းရေးမှူး

သံအမတ်ကြီး(ငြိမ်း)

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

 

စုံစမ်းစစ်ဆေးရေးကော်မရှင်၏တာဝန်များ

၅။       စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ်မှန် ပေါ်ပေါက်လာ စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးအတွက် သုံးသပ်ချက်များနှင့်တကွ အကြံပြုချက်များ တင်ပြရန်-

(က)    ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဌာန်းချက်များ ဆောင်           ရွက်သင့်သည့်   နည်းပညာများအသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်း ရှိ/မရှိ

(ခ)     ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ်   ကောင်းကျိုးနှင့်ဆိုးကျိုး သက်ရောက်မှုများ၊

(ဂ)     ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့်နိုင်ငံတော်၊ပြည်သူလူထုနှင့်အနာဂတ်မျိုးဆက်များအတွက်     အကျိုး ရှိ/မရှိ

(ဃ)    နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့်ဥပဒေစိုးမိုးရေးဆိုင်ရာအကြံပြုချက်များ

(င)     ၄င်းစီမံကိန်းနှင့်ဆက်နွှယ်၍ စိစစ်ရန်လိုသည်ဟု ကော်မရှင်က ယူဆသော အကြောင်းအရာများ

(စ)     ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့်အကြံပြုချက်များ။

စုံစမ်းစစ်ဆေးရေးဆောင်ရွက်ရာတွင်အခြေခံသည့်မူများ

၆။       စုံစမ်းစစ်ဆေးရေးကော်မရှင်သည် တာဝန်ပေးအပ်သည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် အောက်ပါမူ များအပေါ် အခြေခံ၍ ဆောင်ရွက်ခဲ့ပါသည်။

(က)    နိုင်ငံတော်၏ရေရှည်အကျိုးစီးပွား၊

(ခ)     ပြည်သူလူထုအတွက် ရေရှည်အကျိုးစီးပွား၊

(ဂ)     အပြုသဘောဆောင်သည့်အမြင်။

၇။       ထိုမူများအပေါ်ကို အခြေခံဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖြစ်ပွားခဲ့သည့်ကိစ္စကို စိစစ်သုံးသပ်ရာတွင် အပြစ်ရှာ သည့်သဘော၊ အပြစ်ပုံချသည့် သဘောမျိုးမဖြစ်စေရန် သတိထားဆောင်ရွက်ခဲ့ပါသည်။ ဖြစ်ပွား ခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ အရင်းအမြစ်ကိုစိစစ်သုံးသပ်ပြီးသင်ခန်းစာများရယူကာ နောင်ဤဖြစ်ရပ်မျိုးမဖြစ် စေရန် မည်သို့ ဆောင်ရွက်သင့်သည်ဆိုသည့်အချက်ကိုလည်း အလေးထားဆောင်ရွက်ခဲ့ပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များနှင့် လုပ်ဆောင်ချက်များ

၈။       စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၂ ခုနှစ်၊ဒီဇင်ဘာလ ၄ ရက်နေ့ တွင် လွှတ်တော်ဝင်း(အိုင်-၁၂)အဆောင်၌ ကျင်းပခဲ့ပါသည်။ကော်မရှင်ဥက္ကဌက လက်ပံတောင်းတောင် ကြေးနီ စီမံကိန်း ကိစ္စကိုသုံးသပ်ရာတွင် ယခုဖြစ်ပွားခဲ့သည့်ကိစ္စမှာ ယခင်ကာလများက ပွင့်လင်းမြင်သာမှု အားနည်း ခဲ့ခြင်းဖြစ် ကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ဖြေရှင်းရာတွင် ပြည်သူလူထု၏ ပူးပေါင်း ဆောင်ရွက်မှုနှင့် ဥပဒေစိုးမိုးမှုရှိမှသာလျှင် နိုင်ငံတော်၏ အကျိုးနှင့်လျော်ညီသည့် အဖြေရရှိနိုင် မည်ဖြစ်ကြောင်း၊ စုံစမ်းစစ်ဆေး ရေးကိစ္စကို အမြန်ဆုးံစတင်သွား မည်ဖြစ်ကြောင်း၊ သပိတ်စခန်းတွင်ဖြစ်ပွားခဲ့သည့်ကိစ္စရပ်များ၊ သံဃာတော် များနှင့် ပတ်သက်သည့်ကိစ္စရပ်များကို ဥက္ကဌကိုယ်တိုင် တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ပြီး ကျန်အဖွဲ့ ၀င်များအနေဖြင့် အောက်ပါ အဖွဲ့သုံးဖွဲ့ဖွဲ့ စည်းပြီး တစ်ပြိုင်နက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြား ခဲ့ပါသည်-

(က)    ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံတကာပြဌာန်းချက်များ၊ ဆောင်           ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျဆောင်ရွက်ခြင်း ရှိ/မရှိ၊

(ခ)     ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုး    သက်ရောက်မှုများ

(ဂ)     ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များ အတွက် အကျိုးရှိ/မရှိ

၉။       စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၅ ရက်နေ့မှ ၁၅ ရက်နေ့အထိ       ကြေးနီစီ မံကိန်း နှင့် ပတ်သက်၍ကွင်းဆင်းလေ့လာမှုတို့ကို ပြုလုပ်ခဲ့ပါသည်။

၁၀။ ထိုသို့ကွင်းဆင်းလေ့လာမှုပြုလုပ်ရာတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် လက်ပံ တောင်းတောင် ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ ကွင်းဆင်းစုံစမ်းခဲ့သည့်အပြင် မြန်မာ့စီးပွားရေး ဦးပိုင်လီမိတက် နှင့် မြန်မာ-ယန်စီကော့ပါး လိမိတက်တို့ လုပ်ဆောင်ဆဲရှိသော စံပယ်တောင်နှင့် ကြေးစင်တောင်တို့၏  သတ္တု တွင်းလုပ်ငန်းများကိုလည်း ကွင်းဆင်းစစ်ဆေးခဲ့ကြပါသည်။ ထို့အပြင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ မိုးကြိုး ဆာလ်ဖျူရစ်အက်စစ်စက်ရုံကိုလည်း ကွင်းဆင်းစစ်ဆေး ခဲ့ပါသည်။

၁၁။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် ဒေသခံကျေးရွာလူထု၏ ခံစားချက်များ၊ ပြည်သူ့အသံများ ပါဝင်စေရန် လက်ပံတောင်းကြေးနီစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့သွားရောက်၍ ကျေးရွာလူထု များနှင့် တွေ့ဆုံခဲ့ပါသည်။ဤလုပ်ငန်းများကို ဒေသခံကော်မရှင်အဖွဲ့ဝင်များက စုံညီစွာပါဝင် ဆောင်ရွက်ခဲ့ကြပါ သည်။

၁၂။ ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေးမြို့တွင်ထေရ၀ါဒဗုဒ္ဓသာသနာ့ အနွယ်ဝင်သက်တော်ရှည် သံဃာ့ မဟာနာယကအဖွဲ့ဝင် ဆရာတော်ကြီးများအားလည်းကောင်း၊ မုံရွာမြို့တွင် လယ်တီကျောင်းတိုက်ကြီးများမှ ဆရာတော်ကြီးများအား လည်းကောင်း၊ တွေ့ဆုံဖူးမြော်လျှောက်ထား သြ၀ါဒခံယူခဲ့ပါသည်။ ထိုဆရာတော်ကြီး များထံမှလည်းကောင်း၊ သုတေသီပုဂ္ဂိုလ်များထံများမှလည်းကောင်း၊ ပထမလယ်တီဆရာတော် ဘုရားကြီးနှင့် လက်ပံတောင်းတောင်တို့ဆက်နွယ်မှုအချက်အလက်တို့ကို မေးမြန်းရယူခဲ့ကြပါသည်။

၁၃။ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်း စီမံကိန်းနှင့်ဆက်နွှယ်သော သပိတ်စခန်းတွင် ရရှိသည့် မီးလောင်ဒဏ်ရာဖြင့် မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံကြီးတွင်လည်းကောင်း၊ ကန်တော်နဒီဆေးရုံကြီး တွင် လည်းကောင်းဆေးကုသမှုခံယူနေကြသည့် လူနာများ၏ ဆေးကုသမှုအခြေအနေတို့ကို သိရှိနိုင်ရန် ကော်မရှင်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး၊ ဆေးရုံအုပ်ကြီးဥက္ကဌ အဖြစ် ဖွဲ့စည်းဆောင်ရွက်လျက်ရှိသော ကျန်းမာရေးစောင့်ရှောက်မှုကော်မတီဝင်များနှင့် တွေ့ဆုံမေးမြန်းခဲ့ပါသည်။ ကော်မတီအဖွဲ့ဝင်တို့သည် လူမှုရေးဝန်ကြီး၊ဆေးရုံအုပ်ကြီးဦးဆောင်သော ဆရာဝန်ကြီးများအဖွဲ့နှင့်အတူ ဆေးရုံကြီးတွင် တက်ရောက်ကုသနေကြသော ကုသမှုခံယူဆဲလူနာများအား တစ်ဦးချင်းတွေ့ဆုံမေးမြန်းအား ပေးနှစ်သိမ့်ခဲ့ကြပါသည်။

၁၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့သည် အဖွဲ့များခွဲကာ လက်ပံတောင်းတောင်ကြေးနီ သတ္တုတွင်းစီမံကိန်း ဧရိယာအတွင်းရှိ ကျေးရွာများသို့ သွားရောက်ခဲ့ရာတွင် ဒေသခံကျေးရွာ လူထုနှင့်တွေ့ဆုံပြီး လက်ပံတောင်း တောင် ကြေးနီသတ္တုတွင်းနှင့်ပတ်သက်၍ ၄င်းတို့၏ ရပ်တည်ချက်ကိုလည်းကောင်း၊ လူမှုပတ် ၀န်းကျင်၊ သဘာဝပတ်ဝန်းကျင်နှင့်ပတ်သက်၍ ၄င်းတို့၏ စိုးရိမ်ပူပန်မှုကိုလည်းကောင်း၊ ရေရရှိရေး၊ ကျန်းမာရေး အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ ၄င်းတို့၏ လိုလားချက်ကိုလည်းကောင်း မေးမြန်း စုံစမ်းပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြပါသည်။

၁၅။ ထို့ပြင် ၀က်မှေး/ကံတောနှင့်ဇီးတော/ဆည်တည်း ကျေးရွာသစ်တို့ကိုပြောင်းရွှေ့အခြေစိုက်နေထိုင်သူ များကို ကော်မရှင်အဖွဲ့ဝင်များကတွေ့ဆုံမေးမြန်းခဲ့ကာ ၄င်းတို့နေထိုင်ကြသော အဆောက်အအုံများ အခြေ အနေ၊ အလုပ်အကိုင်အခွင့်အလမ်းကိစ္စများနှင့်ပတ်သက်၍လည်း အပြန်အလှန်ဆွေးနွေးကာ ကျေးရွာလူထု၏ သဘောထားဆန္ဒကို လေ့လာစုံစမ်းခဲ့ကြပါသည်။

၁၆။ ကော်မရှင်ဥက္ကဌ၏အစီအစဉ်ဖြင့် ရောက်ရှိလာကြသော မြန်မာသမားတော်ဆရာဝန်ကြီးနှင့် သြစတြေးလျ နိုင်ငံသားဆရာဝန်ကြီးတို့သည် အက်စစ်အခိုးအငွေ့များကြောင့် ကျန်းမာရေးထိခိုက်သည်ဟုရပ်ရွာမှ သံသယ ရှိသည့် ကလေးငယ် ၄ ဦး ၏ရောဂါဝေဒနာအားပမာဏစမ်းသပ်ကြည့်ရှုခဲ့ရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါ ဝေဒနာမဟုတ်ဟု မှတ်ချက်ပြုကြသော်လည်း ကလေးများကျန်းမာရေး ဆက်လက်ဆေးကုသမှု ခံယူနိုင်ရန် အတွက်ကလေးများအား ကော်မရှင်က ရန်ကုန်သို့ခေါ်ယူ၍ ဆေးကုသခြင်းဆောင်ရွက်ပေးပါသည်။

၁၇။ ကော်မရှင်အဖွဲ့ဝင်များသည် ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်၏ မိုးကြိုးဆာလ် ဖျူရစ် အက်စစ်ဆေးရုံသို့ သွားရောက်စစ်ဆေးကာ စွန့်ထုတ်သောအငွေ့တွင် ဆာလဖာဒိုင်အောက်ဆိုဒ် (SO2) ပါဝင်မှုနှင့် ပတ်သက်ပြီး ထိန်းချုပ်စွန့်ထုတ်မအခြေအနေ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲပစ္စည်းများ၊ စွန့်ပစ်စုပုံသည့်ကန်များ၊ စွန့်ပစ်နေရာများအား စစ်ဆေးခဲ့ပါသည်၊

၁၈။ ကော်မရှင်အဖွဲ့ဝင်များသည် မုံရွာကြေးနီတောင်စီမံကိန်း၏ ပထမအဆင့်ဖြစ်သော စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းများကို မြန်မာ-ယန်စီကော့ပါးလီမိတက်က လုပ်ကိုင်ဆောင်ရွက်နေသော လုပ်ငန်းရုံး သို့လည်းကောင်း၊ စံပယ်တောင်နှင့်စံပယ်တောင် (တောင်)ကြေးနီသတ္တုတွင်းရှိရာ ကျင်းကြီး(Pit) နှစ်ကျင်းသို့ လည်းကောင်းသွားရောက်ခဲ့ပြီး ကြေးနီစီမံကိန်းဆိုင်ရာ ကိစ္စများ၊ စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းတွင် ပေါင်းစပ်စီမံခန့်ခွဲမှုစနစ် အရဆောင်ရွက်နေမှုနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ(ISO-14001) လက်မှတ်၊ ထုတ်လုပ်မှုစီမံခန့်ခွဲမှုဆိုင်ရာ(ISO-9001)လက်မှတ်နှင့် လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာ ရေးစီမံခန့်ခွဲမှုဆိုင်ရာ(OHSAS-18001)လက်မှတ်တို့ကိုလည်း စစ်ဆေးခဲ့ပါသည်။

၂၀။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင်များသည် မြန်မာ-၀မ်ပေါင်ကော့ပါးလီမိတက်ရုံးသို့လည်းသွား ရောက်ကာ လက်ပံတောင်းတောင်ကြေးနီ သတ္တုတွင်းစီမံကိန်းနှင့်စပ်လျဉ်း၍ အကောင်အထည်ဖော်ဆောင် ရွက်မည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးအကဲဖြတ်မှု(EIA) လူမှုဘ၀အကဲဖြတ်မှု(SIA)တို့ကို ပြန်လည် သုံးသပ်မှု (Re-assessment of EIA and SIA) ကိစ္စရပ်တို့ကိုလည်းကောင်း၊ ဒေသခံကျေးရွာလူထုအတွက် မြန်မာ့ စီးပွားရေးဦးပိုင်လိမိတက်နှင့် မြန်မာ-၀မ်ပေါင်ကော့ပါးလိမိတက်က ဆောင်ရွက်ပေးနေသည့်လူမှုရေး၊ ကျန်းမာ ရေး စသည့်အချက်အလက်တို့ကိုလည်းကောင်း မေးမြန်းစစ်ဆေးမှုပြုလုပ်ခဲ့ပါသည်။

၂၁။ ကော်မရှင်သည် ပတ်ဝန်းကျင်ထိခိုက်မှု အခြေအနေကိုသိရှိနိုင်ရန် ဆာလ်ဖျူရစ်အက်စစ် စက်ရုံရှိ စွန့်ပစ်ရေကန် အတွင်းမှရေကိုလည်းကောင်း၊ စံပယ်တောင်ခြေမှစိမ့်ထွက်ရေနှင့် စံပယ်တောင်ခြေရှိရေမြောင်း အတွင်းမှရေတို့ကိုလည်းကောင်း၊ ဒုံတောရွာအတွင်း ရေညစ်ညမ်းမှုရှိသည်ဟု ဆိုသောစက်ရေတွင်းမှရေကို လည်းကောင်း  ဓာတ်ခွဲစစ်ဆေးရန် နမူနာများရယူခဲ့ပါသည်။

၂၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည်ဒီဇင်ဘာလ ၁၉ ရက်နေ့၌လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်တွင် စုံညီအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့သည်။ အစည်းအဝေးတွင် ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို တင်ပြ ခဲ့ပြီး ကော်မရှင်အဖွဲ့၏ရှေ့လုပ်ငန်းစဉ်တို့ကို ဆွေးနွေးခဲ့ကြပါသည်။

၂၃။ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၉ရက်နေ့ မွန်းလွဲ ၁၆း၃၀ နာရီမှ ၁၈း၁၅ နာရီအထိ လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်ရှိ အစည်းအဝေးခန်းမတွင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက် (Myanmar Economic Holdings Limited-MEHL)မှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံသည့် အစည်းအဝေးကို ကျင်းပခဲ့ပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဘက်မှ ကော်မရှင်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ကော် မရှင်အတွင်းရေးမှူး ဦးကျော်တင့်ဆွေ၊ အဖွဲ့ဝင်များဖြစ်ကြသော ဦးဇော်မြင့်ဖေ၊ ဦးဝင်းထိန်၊ ဦးမောင်မောင်အေး၊ အတိုင်ပင်ခံပညာရှင်ကြီး နှစ်ဦးဖြစ်သည့် ဦးစိုးမြ၊ ဒေါက်တာဒေါ်သန်းနွဲ့ တို့တက်ရောက်ကြပြီး မြန်မာ့စီးပွားရေး ဦးပိုင်လိမိတက်ဘက်မှ ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး၊ ဦးဝင်းကြည်၊ ဦးမောင်မောင်တင့်နှင့် ဦးမြင့်အောင်တို့ တက်ရောက်ခဲ့ကြသည်။ အစည်းအဝေးအပြီးတွင် ကော်မရှင်ဥက္ကဌက ဆက်လက်ဆောင်ရွက် ရမည့်လုပ်ငန်းများကို ညွှန်ကြားသွားခဲ့သည်။

၂၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်အဖွဲ့ဝင် အထွေအထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် သည် ၂၀၁၃ ခုနှစ်၊ဇန်န၀ါရီလ ၈ ရက်နေ့မှ ဇန်န၀ါရီလ ၁၀ ရက်နေ့အထိ လက်ပံတောင်းတောင်ကြေးနီ သတ္တုတွင်းစီမံကိန်းအနီးရှိကျေးရွာများအားကွင်းဆင်းလေ့လာခဲ့ပါသည်။

၂၅။ နိုင်ငံတော်အနေဖြင့် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းသပိတ်စခန်းမှမီးလောင်ဒဏ်ရာ ရသည့်လူနာများအား ဆေးကုသမှုကို တာဝန်ယူလျက်ရှိရာ ကော်မရှင်အနေဖြင့် လိုအပ်သည်များကိုဆက် လက် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိပါသည်။ မန္တလေးပြည်သူ့ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသ နေကြသော လူနာအားလုံးသည် ဆေးကုသမှုခံယူပြီး ဖြစ်ကြသဖြင့် ဆေးရုံမှဆင်းသွားကြပြီးဖြစ်ပါ သည်။ မန္တလေးပြည်သူ့ဆေးရုံကြီးမှရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်းပေးခဲ့သော သံဃာတော် ၄ ပါး ကိုလည်း ကော်မရှင်အနေဖြင့် သွားရောက်ကြည့်ရှုပြီး အားပေးနှစ်သိမ့်စကားများကို လျှောက်ထားပြောဆိုခဲ့ကြပါသည်။ ထိုင်းနိုင်ငံ တွင်ဆေးကုသမှုခံယူနေကြသည့် သံဃာနှစ်ပါးအနက် ရှင်သဇ္စန၏ကျန်းမာရေး တိုးတက်ကောင်း မွန်လာသဖြင့် ၂၅-၂-၂၀၁၃ ရက်နေ့တွင် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာပြီးဖြစ်ပါသည်။ သံဃာတော် တိက္ခဥာဏ၏ အခြေအနေသည်လည်း တိုးတက်မှုရရှိ နေပြီဖြစ်ပြီး ဆက်လက်၍ဆေးကုသမှုခံယူရန် လိုအပ် သေးဟုကော်မရှင်အနေဖြင့် သိရှိရပါသည်။

၂၆။ ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၀ ရက်နေ့နံနက် ၁၀း၃၀ နာရီမှ မွန်းလွဲ ၁၂း၃၀ နာရီအထိ လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံ (Myanmar Environment Institute-MEI) နည်းပညာ ကျွမ်းကျင်သူအဖွဲ့ (Technical Experts Team) အဖွဲ့ဝင်သုတေသီပညာရှင်များနှင့် တွေ့ဆုံသည့် အစည်းအဝေး ပြုလုပ်ခဲ့ပါသည်။ မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံဘက်မှ အဖွဲ့ခေါင်းဆောင် ဒေါက်တာဝင်းမောင်နှင့် အတူအခြားပညာရှင် (၁၁) ဦး တို့တက် ရောက်ခဲ့ကြသည်။ မြန်မာ့ပတ်ဝန်းကျင်သိပံ္ပအဖွဲ့က  လက်ပံတောင်းတောင်ကြေးနီသတ္တုတူးဖော်ရေးစီမံကိန်း အတွက် အချိန်တိုအတွင်း အရေးပေါ်လေ့လာအကဲဖြတ်စိစစ်ချက် (Immediate Assessment of Letpaduangtaung Copper Mining Project) နှင့်စပ်လျဉ်း၍ ဂေဟစနစ် (Ecosystem-Flora and Fauna and Pollution of Air,Water,Sediment) (Existing Baseline Air Quality Status)၊ လက်ပံတောင်းတောင် စီမံကိန်းအပေါ် လူမှုဝန်းကျင်ရှုထောင့်မှဆန်းစစ်ခြင်း၊ (Immediate Cultural Impact Assessment)၊ (Project Development and Environmental Management)(Environmental Science and Engineering) ရှုထောင့်မှ ကွင်းဆင်းလေ့လာတွေ့ရှိချက်များကို ပြည့်စုံစွာတင်ပြသွားကြသည်။ ကော်မရှင်ဥက္ကဌက ထပ်မံ သိလိုသော အချက်အလက်၊ အကြောင်းအရာများကို မေးမြန်းဆွေးနွေးရာတွင် MEI ကျွမ်းကျင်သူသုတေသီ အဖွဲ့က စေ့ငုစွာပြန်လည်ရှင်းလင်းဖြေကြားသွားခဲ့ကြသည်။

၂၇။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ တတိယအကြိမ်မြောက်စုံညီအစည်းအဝေးကို ၂၀၁၃ခုနှစ၊်ဇန်န၀ါရီလ ၁၀ ရက်နေ့ ၁၃း၀၀ ချိန်တွင် လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်တွင် ကျင်းပခဲ့ပါသည်။ ကော်မရှင်၏လုပ်ငန်း ဆောင်ရွက်မှုများကို သုံးသပ်ပြီးရှေ့လုပ်ဆောင်မည့်လုပ်ငန်းအစီအစဉ်တို့ကို ညှိနှိုင်းခဲ့ပါသည်။

၂၈။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၄ရက်နေ့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးရဲတပ်ဖွဲ့၊ ရဲမှူးကြီးတို့နှင့်တွေ့ဆုံကာ လက်ပံတောင်းတောင် သပိတ်စခန်းအား ဖြိုခွဲရာ တွင် ဆောင်ရွက်ခဲ့သည့်နည်းစဉ်၊ အသုံးပြုခဲ့သော မီးခိုးဗုံးစသည့်ကိစ္စရပ်များကို ဆွေးနွေးမေးမြန်းခဲ့ပါသည်။ ရဲချုပ်နှင့်ရဲမှူးကြီးတို့က နံနက်လင်းအားကြီးချိန်တွင် ဖြိုခွဲရန်စီမံဆောင်ရွက်ခဲ့ခြင်းမှာ ထိုအချိန်တွင် သပိတ် စခန်း၌ လူစုလူဝေးအနည်းဆုံးဖြစ်သဖြင့်ထိခိုက်မှု အနည်းဆုံး ဖြစ်စေရေး အတွက် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့မီးခိုးဗုံးအသုံးပြုခြင်းကို ယခင် ၂၀၀၇ ခုနှစ်ကလည်း အသုံးပြုခဲ့ဖူးကြောင်း၊ ထိုစဉ်က ယခုကဲ့သို့ မီးလောင်ဒဏ်ရာရရှိခြင်းမျိုးမရခဲ့ကြောင်း၊ ထိုစဉ်က အသုံးပြုခဲ့သည့် မီးခိုးဗုံးနှင့်ယခုအသုံးပြုခဲ့သော မီးခိုးဗုံးတို့မှာ သက်ရောက်သည့် အာနိသင်ကွဲပြားခြားနားမှုရှိသည်ဟု ထင်မြင်ယူဆကြောင်းဖြင့် ကော်မရှင် အားပြောကြားခဲ့ပါသည်။ ရဲချုပ်အနေနှင့် ဤဖြစ်စဉ်နှင့်ပတ်သက်၍ အားနည်းချက်၊ အားသာချက်များကို သုံးသပ်ပြီး ယင်းသုံးသပ်ချက်များအား စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ ဆက်လက်ပေးပို့ တင်ပြသွားမည်ဖြစ် ကြောင်းပြောကြားခဲ့ပါသည်။

၂၉။ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းအား ဆန္ဒပြသော သပိတ်စခန်းများမှ သိမ်းဆည်းထား သောပစ္စည်းများနှင့် မီးလောင်၍ဆုံးရှုံးသွားသော ပစ္စည်းများအား ကာယကံရှင်များထံသို့ ပြန်လည်ပေးအပ်ရေး ကိစ္စကိုလည်း ကော်မရှင်မှ ညိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။ မီးလောင်သွားသောပစ္စည်းများ သိမ်းဆည်းသွား သည်ဆိုသော အချို့ပစ္စည်းများအတွက်ကိုလည်း ကော်မရှင်က သတ်မှတ်ပေးသောနှုန်းဖြင့် လျော်ကြေးများကို လည်း ပေးအပ်ခဲ့ပြီးဖြစ်ပါသည်။

၃၀။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ၂၀၁၃ခုနှစ်၊ ဇန်န၀ါရီလ ၁၇ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ်တရားသူကြီးနှင့် မြိုနယ်ဥပဒေ အရာရှိတို့အား လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင် တွင်ခေါ်ယူတွေ့ဆုံပြီး ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းအား ဆန္ဒပြ သည့်သပိတ်စခန်းများကို ၂၀၁၂ခုနှစ်၊ နိုဝင်ဘာလ (၂၉) ရက်နေ့ နံနက်ပိုင်း၌ အင်အားသုံး ဖြိုခွင်းခဲ့ရာတွင် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်ကိစ္စ၊ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉ အရ ဆောင်ရွက်ခဲ့သည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးမြန်းခဲ့ပါသည်။ အဆိုပါ မြို့နယ်အရာရှိ (၃) ဦးတို့က ဥပဒေနှင့်အညီအဆင့်ဆင့် ဆောင်ရွက်ခဲ့မှုများကို ကော်မရှင်သို့တင်ပြခဲ့ကြပါသည်။

၃၁။ ကော်မရှင်ဥက္ကဌ ၏ကွင်းဆင်းရန် တာဝန်ပေးချက်အရ ကွင်းဆင်းခဲ့ကြသော ကော်မရှင်အဖွဲ့ဝင်တို့သည် ဇန်န၀ါရီလ ၂၄ ရက်နေ့နှင့် ၂၅ ရက်နေ့တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်ရှိ သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသမှုခံယူခဲ့ကြသော သံဃာ(၆)ပါး၏ ကျန်းမာရေးအခြေအနေနှင့် မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာမှ နာမကျန်းဖြစ်သဖြင့် ရန်ကုန်ကလေးဆေးရုံကြီးတွင် ဆေးဝါးကုသမှု ခံယူခဲ့ပြီး ကျေးရွာသို့ပြန်လည်ရောက်ရှိခဲ့သော ကလေးသူငယ် ၄ ဦးတို့၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်ပြီး လေ့လာတွေ့ရှိချက်များကို ကော်မရှင်သို့တင်ပြခဲ့ပါသည်။

၃၂။ ကော်မရှင်အဖွဲ့ဝင်တို့သည် ဖေဖော်ဝါရီလ ၆ ရက်မှ ၇ ရက်နေ့အထိ ထပ်မံကွင်းဆင်းလေ့လာပြီး သီတဂူ အာယုဒါနဆေးရုံတွင် ဆေးကုသနေကြသော သံဃာတော်များ၏ကျန်းမာရေး အခြေအနေကိုလည်းကောင်း မုံရွာခရိုင်၊ မုံရွာဆေးရုံတွင် အုတ်ကန်ပြိုကြပြီး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ဆေးကုသခံနေသူ အမျိုးသမီးကြီး၏ ကျန်းမာရေး အခြေအနေကိုလည်းကောင်း ကော်မရှင်သို့တင်ပြခဲ့ပါသည်။

၃၃။ ကော်မရှင်က စီးပွားရေးပညာရှင်အဖြစ်ခန့်ထားခဲ့သူ စီးပွားရေးပညာရှင်သည် ကြေးနီစီမံကိန်း ပတ်သက် သည့် ဘဏ္ဍာရေးဆိုင်ရာ စိစစ်သုံးသပ်မှုများပြုလုပ်ပြီး ဖေဖော်ဝါရီ  ၆ ရက်နေ့တွင် အစီရင်ခံစာကို ကော်မရှင် ဥက္ကဌထံ တင်သွင်းခဲ့ပါသည်။

၃၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ပဉ္စမအကြိမ်မြောက် စုံညီအစည်းအဝေးကို  ၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်နေ့ ၁၃း၃၀ ချိန်တွင် လွှတ်တော်ဝင်း (အိုင်-၁၂) အဆောင်တွင်ကျင်းပခဲ့ပါသည်။ အစည်းအဝေးတွင် အပြီးသတ် အစီရင်ခံစာပြုစုရေးနှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။ ထိုသို့ဆွေးနွေးရာတွင် ကော်မရှင်ဥက္ကဌက အပြီးသတ်အစီရင်ခံစာရေးဆွဲရာတွင် ကျင့်သုံးရမည့်အခြေခံမူများနှင့် ပတ်သက်ပြီးဆွေး နွေးပြောကြားခဲ့ရာ ထိုအခြေခံမူများပေါ်တွင် အစည်းအဝေးတက်ရောက်လာကြသော ကော်မရှင်အဖွဲ့ဝင် များက ၀ိုင်းဝန်းဆွေးနွေးကြပါသည်။

စုံစမ်းစစ်ဆေးရေးကော်မရှင်၏လေ့လာတွေ့ရှိချက်များ

၃၅။ ထေရ၀ါဒဗုဒ ဘာသာအနွယ်ဝင် သက်တော်ရှည်ဆရာတော်ကြီးများ၊ နိုင်ငံတော်သံဃနာယကအဖွဲ့ဝင် ဆရာတော်ကြီးများအား ဖူးမြော်လျှောက်ထားမေးမြန်းချက်များအရ ဆရာတော်ကြီးများသည် ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့သော လက်ပံတောင်းတောင်ဖြစ်ရပ်နှင့် စပ်လျဉ်း၍ များစွာနှလုံးစိတ်ဝမ်းမငြိမ်းချမ်းကြောင်း၊ ထိခိုက်ဒဏ်ရာရရှိခဲ့သော ရဟန်းရှင်လူများအား အမြန်ဆုံး သက်သာ ပျောက်ကင်းအောင် အထူးကြပ်မတ်၍ ကုသစေလိုကြောင်း၊ ဘုရား၊စေတီ၊ တန်ဆောင်း၊ ကျောင်း၊ ကန်၊ သိမ် အစရှိသော ထေရ၀ါဒ ဗုဒဘာသာနှင့် စပ်လျဉ်း၍သာသနိက အဆောက်အအုံများကို မထိခိုက်စေလိုကြောင်း၊ ရဟန်းပျိုများအား ဆန္ဒပြပွဲ/ဖော်ထုတ်ပွဲများတွင် မပါဝင်ကြစေရန် သြ၀ါဒပေးခဲ့ပြီး အများစုမှာ လိုက်နာကြ သော်လည်း အချို့အနည်းစုမှာ ထိန်းသိမ်းရခက်ကြောင်း၊ လျှောက်လှမ်းကာစ ဒီမိုကရေစီလမ်းခရီးကို ဖြောင့်ဖြူး သာယာအေးချမ်းစေလိုကြောင်း၊ နိုင်ငံနှင့်လူမျိုးဘာသာ သာသနာ အကျိုးစီးပွားအတွက် ဦးစားပေးဆောင်ရွက် စေလိုကြောင်းဖြင့် မွန်မြတ်သော သြ၀ါဒများ မြွက်ကြားခဲ့သည်ကို နာယူမှတ်သားခဲ့ရပါသည်။

၃၆။ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းနှင့်ဆက်နွယ်သော သပိတ်စခန်းတွင်ရခဲ့သည့် မီးလောင် ဒဏ်ရာဖြင့် မန္တလေးမြို့အထွေထွေရောဂါကု ဆေးရုံကြီးသို့ရောက်ရှိလာသော လူနာများအား ထိရောက်သော ဆေးဝါးကုသမှုနှင့် ကျန်းမာရေးစောင့်ရှောက်မှုများပေးဆောင်နိုင်ရန် ကျန်းမာရေးစောင့် ရှောက်မှုကော်မတီ တစ်ရပ်ကိုဖွဲ့စည်းဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ကျန်းမာရေးစောင့်ရှောက်မှု ကော်မတီတွင်-

(က)    ဒေါက်တာမောင်ဝင်း(ဆေးရုံအုပ်ကြီး)                          ဥက္ကဌ

(ခ)     ဒေါက်တာရှိန်မြင့်(ပါမောက္ခ/ဌာနမှူး/ခွဲစိတ်)                 အဖွဲ့ဝင်

(ဂ)     ဒေါက်တာဌေးဦး(ပါမောက္ခ/ခွဲစိတ်)                            အဖွဲ့ဝင်

(ဃ)    ဒေါက်တာခွန်အောင်(ပါမောက္ခ/ခွဲစိတ်)                       အဖွဲ့ဝင်

(င)     ဒေါက်တာနုနုရီ(အထူးကုဆရာဝန်ကြီး)                                 အဖွဲ့ဝင်

(စ)     ဒေါက်တာစန်းမြင့်(ဆေးရုံအုပ်ကြီး)                            အဖွဲ့ဝင်

(ဆ)    ဒေါက်တာဝင်းမောင်မောင်(လက်ထောက်ဆေးရုံအုပ်)       အတွင်းရေးမှူး

တို့ပါဝင်ပြီး စနစ်တကျစီမံကွပ်ကဲဆောင်ရွက်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။ ၂၉-၁၁-၂၀၁၂ ရက်နေ့မှ ၇-၁၂-၂၀၁၂ ရက်နေ့အထိ ဆေးရုံတက်လူနာပေါင်း ၁၀၈ ဦး (သံဃာ ၉၉ ပါး + လူ ၉ ဦး) ရှိပြီး ဆေးရုံဆင်း/ လွှဲပြောင်းလူနာပေါင်း ၇၉ ဦး (သံဃာ ၇၄ ပါး + လူ ၅ ဦး) ရှိပြီး လက်ကျန်လူနာပေါင်း (၃၀)ဦး (သံဃာ ၂၅ ပါး + လူ ၅ ဦး) ရှိကြောင်းသိရှိခဲ့ရပါသည်။ နောက်ဆုံးအခြေအနေအရ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့တွင် မန္တလေးရှိ ဆေးရုံများ၌ တက်ရောက်ကုသနေသည့် ရဟန်း/လူ  အားလုံး ဆင်းသွားကြပြီးဖြစ်ကြောင်း သိရှိရ ပါသည်။ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသနေသော သံဃာတော်များသည်လည်း ဆေးရုံမှ ဆင်းသွားကြပြီးဖြစ်ပါသည်။

၃၇။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေတွင် ယင်းစီမံကိန်းလုပ်ငန်း၏ ရလဒ်ကြောင့် တောင်ခြေ၌ ဘေးပတ်ပတ်လည်မှ မြေသားများဖယ်ရှားသယ်ရွှေ့ထားသဖြင့် ကုန်းကလပ်တစ်ခုသဏ္ဍာန်ဖြစ် ပေါ်နေသည့်နေရာတွင် ထီးတည်းကျန်ရှိနေသော စေတီနှင့် သိမ်ကျောင်းတွဲလျက်ကိုလည်းကောင်း၊ ထိုနေရာ အထက် အောက်ခြေမြေသားများ ဖြတ်တောက်ခံထားရသော တောင်စောင်းနှင့် တောင်ပေါ်တို့တွင် လော လောဆယ် ကျန်ရှိနေသေးသော စေတီငယ်များကိုလည်းကောင်း၊ တောင်ခြေရှိတူးဆွ စုပုံထားသောမြေသား များနှင့် ရောနှောနေသော ဆေးရေးပန်းချီကားအပိုင်းအစ များနှင့်ဆွမ်းခံ သပိတ်ဟောင်း အချို့ကိုလည်း ကောင်း၊ အခြားသောဗုဒဒဿနအဆောက်အအုံများ၊ ပစ္စည်းများကိုလည်းကောင်း တွေ့ရှိခဲ့ကြသည်။

၃၈။ ဒုန်းတောကြေးရွာနေအိမ်ဝင်းတစ်ခုအတွင်းရှိ အ၀ီစိတွင်း(၀ါ) ပြွန်စိုက်တွင်းတစ်ခု၌ အတောင် ၆၀ အနက်မှ ရေစုပ်စက်ဖြင့် စုပ်တင်ယူထားသော မြေအောက်ရေကို လေ့လာကြည့်သောအခါ ထိုရေကိုတိုက်ရိုက်သောက် သုံး၍မရဘဲ ကွန်ကရစ်စည်ပိုင်းများဖြင့် နှစ်ဆင့်ခံပြီးမှသာသုံးစွဲနိုင်ကြောင်း၊ ရေ၏အရည်အသွေးအနေဖြင့် လည်း အရောင် ၊အနံ့၊ အရသာတို့မှာ ပုံမှန်မဟုတ်ဘဲ အနည်းငယ်ထူးခြား နေကြောင်းကိုတွေ့ရှိခဲ့သည်။

၃၉။ ဒုန်းတော၊ဂုဏ်တောနှင့် ရွာသူရွာသားများမှ ကျေးရွာများကျေးရွာလူထုနှင့် တွ့ဆုံပြီးအပြန်အလှန်တင်ပြ ဆွေးနွေးခြင်း တို့ကိုပြုလုပ်ဆွေးနွေးကြရာတွင် လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းကို ဆက်လက် လုပ်ဆောင်ခဲ့ပါက-

(က) ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အ၀ရရှိရေးအတွက်စနစ်တကျဆောင်ရွက်ပေးရန်။

(ခ) မြေယာသိမ်းဆည်း (ပျက်စီး) မှုကြောင့်ဖြစ်ပေါ်လာသော အလုပ်အကိုင်အခွင့်အလမ်းရှားပါးမှု ပြဿနာ အား အမြန်ဆုံးပြန်လည်ဖြေရှင်းပေးရန်။

(ဂ) ဆုံးရှုံးသွားသောသောက်သုံးရေနှင့် ရေအရင်းအမြစ်ရှားပါးမြှုပဿနာအားအမြန်ဆုံး ပြန်လည်ဖြေရှင်း ပေးရန်။

(ဃ) အက်စစ်ပန်းခြင်း (နည်းပညာ) ကြောင့်ဖြစ်ပေါ်လာသောလူမှုပတ်ဝန်းကျင်၊ သဘာဝပတ်ဝန်းကျင်ဆိုးကျိုး များအား စနစ်တကျကိုင်တွယ်ဖြေရှင်းပေးရန်။

(င) ရေးဆိုးရေညစ်ထုတ်စနစ်အား စနစ်တကျဆောင်ရွက်ပေးရန်။

(စ) ဓာတုဗေဒပစ္စည်းများယိုစိမ့်မှုနှင့် ရေဒီယိုဓာတ်ကြွပစ္စည်းများအား ပတ်ဝန်းကျင်မထိခိုက်အောင် စနစ်တကျ စီမံဆောင်ရွက်ပေးရန်။

(ဆ) ကျေးရွာ (လူနေအိမ်ခြေ)နှင့် နီးလွန်းသောစွန့်ပစ်ကျောက်ပုံ၊ လယ်ယာမြေနှင့် နီးလွန်းသောစွန့်ပစ် ကျောက်ပုံ အလွန်အမင်းမမြင့်မားရေးစေရေး အတွက်အာမခံပေးရန်။

(ဇ) အထက်ဖော်ပြပါတင်ပြချက်များကို အကောင်အထည်ဖော်ပေးရန်နှင့် မည်ကဲ့သို့အကောင်အထည်မည်ကို      ရှင်းလင်းဖြေကြားပေးရန်။

၄၀။  အခြားတစ်ဖက်တွင်အကယ်၍ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းရပ်ဆိုင်းမည်ဆိုပါက-

(က) ဆုံးရှုံးသွားသောလယ်ယာမြေများအားကုမ္ပဏီ (သို့မဟုတ်) နိုင်ငံတော်အစိုးရက နဂိုမူလစိုက်ပျိုးနိုင်သော မြေဖြစ်အောင်ဆောင်ရွက်ပေးရန်၊

(ခ) လက်ရှိဖြစ်ပေါ်နေသော သောက်သုံးရေးအခက်အခဲကိုဖြေရှင်းပေးရန်၊

(ဂ) ကျန်းမာရေးနှင့်ပတ်သက်၍ ကျန်ရှိသောဓာတုဗေဒပစ္စည်းများနှင့် ကျန်းမာရေးထိခိုက်နိုင်သော ကုမ္ပဏီသုံး ပစ္စည်းများအား စနစ်တကျရှင်းလင်းဖယ်ရှားပေးရန်၊

(ဃ) သတ္တုတူးဖော်ထားသော စံပယ်တောင်ကျင်းနေရာအား နဂိုမူလပုံစံကဲ့သို့ပြုလုပ်ပေးရန်။

(င) အထက်ဖော်ပြပါ တင်ပြချက်များကို အကောင်အထည်ဖော်ပေးရန်နှင့် မည်ကဲ့သို့ အကောင်အထည်မည်ကို ရှင်းလင်းဖြေကြားပေးရန်။

၄၁။ ကျေးရွာလူထုအနေဖြင့် ပွင့်လင်းမြင်သာမှုကို အထူးအလေးထား တောင်းဆိုကြကြောင်းတွေ့ရှိခဲ့ရပါသည်။

၄၂။ ၂၀၁၂ ခုနစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်သည် ကျော်ရွာ၊ တောင်ပလူရွာနှင့် အောင်ချမ်းစည်ရွာ၊ ဝါးတန်းကျေးရွာနှင့် တည်ပင်ကန်ကျေးရွာများမှ ဒေသခံကျေးရွာလူထုနှင့် တွေဆုံခဲ့ရာတွင် ကျော်ရွာသည် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် အနီးကပ်ဆုံးတွင်ရှိသောရွာဖြစ်သောကြောင့် ယင်းစီမံကိန်းကိုရပ်ဆိုင်းစေလိုကြောင်း၊ မိုင်းခွဲဒဏ်ကြောင့် သီးနှံထွက်နှုန်းလျော့နည်းကျဆင်းသွားကြောင်း၊ မွေးမြူရေးလုပ်ငန်း အတွက်စားကျက်မြေရှားပါးလာကြောင်း၊ အလုပ်အကိုင်အခွင့်အလမ်းရလျှင်လည်း ဤ ကုမ္ပဏီကို မကြိုက်ကြောင်း၊ အဓိကအနေဖြင့်မိမိတို့၏ ဘိုးဘွားပိုင်မြေကိုသာ လုပ်ကိုင်စားသောက်လိုကြောင်း၊ မိသားစု၏စားဝတ်နေရေးအတွက် အလုပ်အကိုင်အခွင့်အလမ်းများကို ရှာဖွေပေးစေလိုကြောင်း၊ မိသားစုတစ်စုမှ လုပ်အကိုင်တစ်ဦးသာမက နှစ်ဦးအထိခန့်ထားပေးလျှင် ပိုမို၍အဆင်ပြေမည်ဖြစ်ကြောင်း တင်ပြတောင်းဆိုကြ ပါသည်။

၄၃။ အောင်ချမ်းစည်ရွာမှ ဒေသခံကျေးရွာလူထုနှင့်တွေဆုံရာတွင် တောတောင်ကိုအမှီပြု၍ နေထိုင်ရခြင်း ကြောင့်တောင်ကိုမပျက်စေလိုကြောင်း၊ လယ်ယာမြေများကိုမသိမ်းစေလိုကြောင်း၊ ဝမ်ပေါင်ကုမ္ပဏီနှင့် နိုင်ငံတော်၏ သဘောတူညီချက်များကိုသိရှိစေလိုကြောင်း၊ သာသနိကအဆောက်အအုံနှင့် အထိမ်းအမှတ် နေရာများကို မပျက်စီးစေလိုကြောင်း၊ စီမံကိန်းမဖျက်သိမ်းပဲဆက်လက်လုပ်ဆောင်ပါက သဘာဝပတ်ဝန်းကျင် မထိခိုက်အောင် လုပ်ဆောင်ပေးစေလိုကြောင်းနှင့် သာသနိကအဆောက်အအုံမပျက်စီးစေရန် ဆောင်ရွက်ပေး စေလိုကြောင်း၊ စီမံကိန်းကိုဖျက်သိမ်းမည်ဆိုပါက မြေယာပေါ်စွန့်ပစ်မြေများကိုမည်သို့ ရှင်းလင်းပေးမည် ကိုသိ လို ကြောင်း၊ စေတီ၊ ပုထိုးတို့ကို မူလအတိုင်းပြုပြင်ပေးရန်နှင့် သပိတ်စခန်းအား အကြမ်းဖက်ဖြိုခွင်းမှုကို စုံစမ်းဖော်ထုတ်ပေးစေလိုကြောင်း တင်ပြတောင်းဆိုသည်ကိုတွေ့ရှိခဲ့ပါသည်။

၄၄။  ဝါးတန်းကျေးရွာနှင့် တည်ပင်ကျေးရွာများမှ ဒေသခံကျေးရွာလူထုနှင့်တွေဆုံခဲ့ရာ၌မိမိတို့ရွာ သည် စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းများ၏ အက်စစ်ဖျန်းသည့်မြေပုံများနှင့် တစ်မိုင်ခန့်သာ ကွာဝေးတော့ ကြောင်း၊ ဆက်လက်ပြီး တိုးချဲ့လာလျှင်ရွာပျောက်မည်စိုးရိမ်ကြောင်း၊ အက်စစ်ငွေ့ကြောင့် ကျွဲ၊ နွား၊ ဆိတ်တို့၏ အစာရေစာရှားပါးလာပြီး မျိုးပေါက်ပွားမှုလျော့နည်းလာကြောင်း၊ ဒေသခံကျေးရွာလူထုမှာလည်း ကျန်းမာရေး ထိခိုက်နေရကြောင်း၊ ကျန်းမာရေးအခြေအနေမှာ ဆက်လက်ပြီး ဆိုးရွားလာနိုင်ကြောင်း၊ စီမံကိန်းကိုရပ် စေလိုကြောင်း၊ လက်ရှိအနေအထားတွင် အက်စစ်ဖျန်းချိန်၌ တတစ်ရွာလုံးမျက်စိစပ်ကျကြောင်း၊ သွပ်မိုးပေါက် ခြင်းနှင့် ရေမကောင်းခြင်းတို့ကို ကြည့်ရှုပေးစေလိုကြောင်း၊ ဒေသခံများကိုသာဦးစားပေး၍ အလုပ်ခန့်ထားစေလို ကြောင်း၊ မိသားစုတစ်စုတွင် တစ်ယောက်အလုပ်ရရုံနှင့်မလုံလောက်ကြောင်း၊ အလုပ်ခန့်လျှင်လည်းလိုအပ် သည့် အချိန်တွင်သာခေါ်သည့်နေ့စားဝန်ထမ်းမျိုး မလုပ်လိုကြောင်း တင်ပြတောင်းဆိုသည် ကိုတွေ့ရှိခဲ့ပါသည်။

၄၅။ ဝက်မှေးကျေးရွာမှ ရွာသစ်ကျေးရွာသို့ ပြောင်းရွှေ့ရောက်ရှိ အခြေစိုက်နေထိုင်ကြသူများကို သွားရောက် တွေ့ဆုံပြီး ၄င်းတို့အတွက် တည်ဆောက်ပေးထားသောနေအိမ်၊ အဆောက်အအုံများကိုလည်း ကြည့်ရှုလေ့လာ ခဲ့ကြရာတွင် Type A, Type B, Type C နှင့် Type D ဟူ၍အမျိုးအစား လေးမျိုးခွဲခြားထား သည်ကိုတွေ့ရှိ ရပါသည်။ ယင်းအဆောက်အအုံများတွင် နေထိုင်လျက်ရှိနေသူများနှင့်လည်း တွေ့ဆုံမေးမြန်းခဲ့ကြရာ အချို့က ဝက်မှေးဟောင်းမှ ဤရွာသစ်သို့ပြောင်းရွှေ့လာရခြင်းကို ကျေနပ်နှစ်သက်သူများဖြစ်ကြပြီး အချို့မှာမူနှစ်သက် ကျေနပ်မှုမရှိကြောင်း တွေ့ရှိရသည်။ ရွာဟောင်းတွင်နေစဉ်က ရွာသစ်မှာထက် အခြေအနေပိုမိုကောင်းမွန်သော အဆောက်အအုံနှင့် နေထိုင်ခဲ့ဖူးသူများ (ငွေကြေးချောင်လည်သူများ)က ကျေနပ်မှုမရှိကြဘဲ ရွာဟောင်းတွင် နေစဉ်က တဲအိမ်ငယ်နှင့်နေထိုင်ခဲ့ရသူများ (စီးပွားရေးမပြေလည်သူများ)က မူရွာသစ်တွင် သစ်သားအိမ်နှင့် နေထိုင်ရသည်ဖြစ်၍ နှစ်ခြိုက်သဘောကျကြောင်းတွေ့ရှိရသည်။ တူညီသောအချက်မှာမြို့သစ် တည်ဆောက် ခွင့်ရသည့် ကန်ထရိုက်တာများ၊ ဆပ်ကန်ထရိုက်တာများသည်နေအိမ်၊ အဆောက်အအုံကို ဆောက်လုပ်စဉ်က အရည်အသွေးညံ့ဖျင်းသော (သို့မဟုတ်) စံချိန်မမီသောသစ်နှင့် အခြားအဆောက်အအုံပစ္စည်းများကို သုံးစွဲခဲ့ သည်ဟု အများစုက မျက်မြင်သက်သေအထောက်အထားများနှင့် တင်ပြသည်ကိုတွေ့ရှိရသည်။ ရွာသစ်သို့ ပြောင်းရွှေ့မည်ဆိုပါက ကြေးနီစီမံကိန်းတွင်အနည်းဆုံး တစ်အိမ်ထောင်တစ်ယောက်နှုန်းဖြင့် အလုပ်ရမည်ဟု ကတိကဝတ်ပြုထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့မဟုတ်ကြောင်း တင်ပြသူများလည်းရှိသည်ကို တွေ့ရှိ ခဲ့ရပါသည်။

၄၆။ စုံစမ်းစစ်ဆေးရေးကော်မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၏ အကူအညီတောင်းခံချက်အရ ဒေါက်တာတင်မျိုးဝင်းနှင့် Dr. Mark Hampson (Australian Embassy Medical Clinic) တို့နှစ်ဦးသည် ကော်မရှင်အဖွဲ့ ဒေါက်တာမြင့်သိန်းနှင့် ကံကုန်းကျေးရွာရှိ သုခဝေဆေးခန်းတွင် အက်စစ်ထိ၍ ကျန်းမာရေး ထိခိုက်ကြောင်း သံသယရှိသည့်ကလေး ၄ ဦး ၏ရောဂါဝေဒနာအခြေအနေကို ပဏာမစမ်းသပ်စစ်ဆေးကြည့်ရှု ကြရာ အက်စစ်ကြောင့်ဖြစ်သည့် ရောဂါလက္ခဏာများမဟုတ်ဟု မှတ်ချက်ပြုကြကြောင်း တွေ့ရှိခဲ့ရသည်။

၄၇။ ဆားလင်းကြီးမြို့နယ်၊ ကံကုန်ကျေးရွာအနီးရှိ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ မိုးကြိုးဆာလ်ဖျူရစ်အက် စစ်စက်ရုံသည် မြန်မာစီးပွားရေးဦးပိုင်လီမိတက်၏ စက်ရုံဖြစ်ကြောင်း၊ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူ ထားခြင်းမရှိကြောင်း၊ ဦးပိုင်၏စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း၊ အပြည်ပြည်ဆိုင် ရာ စံသတ်မှတ်ချက်လက်မှတ် (International Organization for Standardization: ISO Certificate) လည်းမရှိကြောင်း၊ ကြေးနီမိုင်း၏ လိုချက်ဖြစ်သော ၉၈ ရာခိုင်နှုန်း ဆာလ်ဖျူရစ်အက်စစ် နေ့စဉ် တန် ၅၀ တန်ထွက်ရှိကြောင်း၊ စက်ရုံစီမံကိန်းကို ၂၀၀၆ ခုနှစ် တွင်စတင်ခဲ့ပြီး ၁၉-၄-၂၀၀၇ ရက်နေ့တွင်စတင်လည်ပတ် ထုတ်လုပ်ခဲ့ကြောင်း၊ ခေါင်းတိုင်သည် မြေပြင်မှ ၁၃၁ ပေမြင့်ပြီး စွန့်ထုတ်သောအငွေ့တွင် ဆာလ်ဖာဒိုင်အောက် ဆိုဒ် (SO2) ပါဝင်မှုကို 150 ppm (parts per million) ထက်မများစေရန် သတ်မှတ်ထိန်းချုပ်စွန့် ထုတ်ကြောင်း၊ ၂၄ နာရီ စဉ်ဆက်မပြတ် လည်ပတ်ရသည့်အန္တရာယ်ရှိသော ဓာတုဗေဒ ပစ္စည်း (Hazardoua Plant) အတန်းအစားအဖြစ် နိုင်ငံတကာသတ်မှတ်ထားကြောင်း စက်ရုံမှူး၏ ရှင်းလင်းတင်ပြချက်အရ သိရှိခဲ့ရ သည်။

၄၈။ ဆိုရှယ်လစ်အစိုးရလက်ထက်တွင် သတ္တုတွင်းဝန်ကြီးဌာနသည် ယူဂိုဆလပ်နိုင်ငံ နည်းပညာနှင့်စက် ပစ္စည်း ကိရိယာများ ဝယ်ယူပြီး စံပယ်တောင်နှင့်ကြေးစင်တောင်သတ္တုတွင်းစီမံကိန်းလုပ်ငန်းများကို တစ်နေ့ တန် ၈၀၀၀ ကျစက်ရုံတစ်ရုံ တည်ဆောက်ကာ ၁၉၈၄ ခုနှစ် မှစတင်ဆောင်ရွက်ခဲ့ကြောင်း၊ သတ္တုပါဝင်သည့် မြေသားတူးဖော်ခြင်း၊ ကြိတ်ခွဲခြင်းများ ပြုလုပ်ပြီးနောက် အမြုပ်ကပ်သန့်စင်သည့်နည်းစဉ် (Floatation Method) ဖြင့်ဆောင်ရွက်ခဲ့ကြောင်း၊ နည်းပညာမှားယွင်းခြင်း၊ ခေတ်မှီမှုမရှိခြင်းတို့ကြောင့် သတ္တုရိုင်းအတွင်းရှိ ကြေးနီများအား ကန်စင်အောင်ထုတ်ယူနိုင်မှုမရှိခဲ့ကြောင်း၊ ရင်းနှီးကုန်ကျစရိတ်နှင့် ထုတ်လုပ်မှုစရိတ်ကြီးမြင့် ခြင်း၊ ကြေးနီသတ္တုစင်အဖြစ်မထွက်ရှိခြင်း တို့ကြောင့်အချိန်ကုန်၊ ငွေကုန်အကျိုးအမြတ် မရရှိသည့် အတွက် စီမံကိန်းအား ၁၉၉၈ ခုနှစ် တွင်ရပ်ဆိုင်းခဲ့ကြောင်းတွေ့ရှိရသည်။

၄၉။ နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံဖြိုးရေးကောင်စီ (တပ်မတော်အစိုးရ) လက်ထက် ၁၉၉၈ ခုနှစ်၊ နိုဝင်ဘာလ တွင် သတ္တုဝန်ကြီးဌာန၊ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် ကနေဒါနိုင်ငံ အိုင်ဗင်ဟိုးကုမ္ပဏီတို့ ပူးပေါင်းပြီး မြန်မာ-အိုင်ဗင်ဟိုးကြေးနီကုမ္ပဏီလီမိတက် (Myanmar Ivanhoe Company Limited-MICCL) အမည်ဖြင့် ၅၀း၅၀ အကျိုးတူဖက်စပ်စနစ် (Joint Venture Agreement) ဖြင့်စာချုပ်ချုပ် ဆို၍ စံပယ်တောင် နှင့်ကြေးစင်တောင်သတ္တုတွင်းစီမံကိန်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းကဲ့သို့ ဆောင်ရွက်ရာတွင် ဟင်းလင်းပွင့်စနစ်(Open Pit) ဖြင့်သတ္တုတူးဖော်ပြီး ထွက်ရှိလာသောသတ္တုရိုင်းများကိုစုပုံ၍ ဆာလ်ဖျူရစ်အက်ဆစ်ပျော့ဖြင့် ပက်ဖျန်းကာထွက်ရှိလာသည့် ကော့ပါးဆာလဖိတ် အရည်များက Electrolite နည်းစဉ်ဖြင့် ကြေးနီသတ္တုစင်များ (၉၉ ဒသမ ၉၉ ရာခိုင်နှုန်းထိပါဝင်) ထုတ်လုပ်သည့်စနစ်ဖြင့် ၂၀၁၀ ခုနှစ်၊ ဒီဇင်ဘာလအထိ ဆောင်ရွက်ခဲ့ကြောင်း တွေ့ရှိရသည်။

၅၀။ အမှတ်(၁)သတ္တုတွင်းလုပ်ငန်းနှင့် အိုင်ဗင်ဟိုကုမ္ပဏီထံမှ အစုရှယ်ယာများ လွှဲပြောင်းဝယ်ယူပြီး မြန်မာ စီးပွားရေးဦးပိုင်လီမိတက် (Myanmar Economic Holdings Limited-MHEL)နှင့် မြန်မာ-ယန်စီကော့ပါးလီမိတက် (Myanmar Yang Tse Copper Limited-MYTCL) တို့သည် ထုတ်လုပ်မှုအပေါ် အကျိုးအမြတ်ခွဲဝေခံစားသည့်စနစ် (Production Shaing Contract-PSC)ဖြင့် စာချုပ်ကို ၂၀၁၀ ခုနှစ်၊ ဇွန်လ ၃ ရက်နေ့တွင် စာချုပ်ချုပ်ဆိုပြီး စံပယ်တောင်နှင့်ကြေးစင်တောင်သတ္တုတွင်းစီမံကိန်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်းတွေ့ရှိခဲ့သည်။

၅၁။ စံပယ်တောင်နှင့်ကြေးစင်တောင်သတ္တုတွင်းစီမံကိန်းဧရိယာသည် ၆၂၅၃ ဒသမ ၀၄ ဧကရှိပြီး သတ္တုတွင်း ဝန်ကြီးဌာန၏ ခွင့်ပြုမိန့်ဖြင့် ဓာတ်သတ္တုအကြီးစားတူးဖော်ထုတ်လုပ်ခွင့်ရရှိထားကြောင်း၊ ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာလမှစ၍ နှစ် ၃၀ နှစ်ရှည် မြေဂရမ်ရရှိပြီး ဖြစ်ကြောင်းတွေ့ရှိရသည်။ ထို့အပြင် မြန်မာနိုင်ငံရင်းနှီး မြှုပ်နှံမှုကော်မရှင်၏ ၁၈-၃-၂၀၁၁ ရက်စွဲပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ခွင့်ပြုမိန့်အမှတ် ၄၆၁/၂၀၁၁) ကို ရရှိထားပြီး Yang Tse Copper Limited မှနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၃၆၉ ဒသမ ၃၇၇ သန်း ကို ရာနှုန်းပြည့်ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။

၅၂။ လက်ပံတောင်းတောင်ကြေးန်ီသတ္တုတွင်းစီမံကိန်းဧရိယာသည် ၇၈၆၇ ဒသမ ၇၈ ဧကရှိပြီး သတ္တုတွင်း ဝန်ကြီးဌာန၏ ၅-၃-၂၀၁၀ ရက်စွဲပါ ခွင့်ပြုမိန့်အမှတ် (၀၀၀၃/၂၀၁၀) ဖြင့်ဓာတ်သတ္တုအကြီးစား တူးဖော် ထုတ်လုပ်ခွင့်ရရှိထားကြောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ မှစ၍ နှစ် ၆၀ မြေဂရမ် ရရှိထားပြီးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။ ထို့အပြင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ၅-၅-၂၀၁၀ ရက်စွဲပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ခွင့်ပြုမိန့်အမှတ် (၄၃၈/၂၀၁၀) ကိုရရှိထားပြီး Wanbao Mining Limited ကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၉၉၇ သန်း ကိုရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံမည်ဖြစ်ကြောင်း၊ ထုတ်လုပ်မှုအပေါ် အကျိုးအမြတ် ခွဲဝေခံစားသည့်စနစ် (Production Shaing Contract-PSC) ဖြင့်စာချုပ်ချုပ်ဆိုပြီး လက်ပံတောင်းတောင် ကြေးန်ီသတ္တုတွင်းစီမံကိန်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းတွေ့ရှိခဲ့သည်။

၅၃။ လက်ပံတောင်းတောင်ကြေးန်ီသတ္တုတွင်းစီမံကိန်းဧရိယာအတွင်းရှိ ကျေးရွာ ၄ ရွာ ဖြစ်သောဝက်မှေး၊ ကံတော၊ ဆည်တည်းနှင့်ဇီးတောကျေးရွာများမှ ကျေးရွာသစ်သို့ရွှေ့ပြောင်းပြီးစီးမှုအခြေအနေမှာ စုစုပေါင်း ၄၄၁ အိမ်အနက် ၂၁၈ အိမ်ရွှေ့ပြောင်းပြီး ၂၂၃ အိမ်ကျန်နေသေးကြောင်း၊ ရှိရင်းဘုန်းတော်ကြီးကျောင်း ၅ ကျောင်းအနက် ၃ ကျောင်းရွှေ့ပြောင်းပြီး ၂ ကျောင်း ကျန်နေသေးကြောင်းတွေ့ရှိခဲ့သည်။

၅၄။ ၂၀၀၁ခုနှစ်၊ လန-၃၉ အရလက်ပံတောင်းတောင်ကြေးနီသတ္တုစီမံကိန်းနယ်မြေတွင် သိမ်းဆည်းမြေဧရိယာ စုစုပေါင်း ၇၈၆၇ ဒသမ ၇၈ ဧက အနက် လယ်ယာစိုက်ပျိုးမြေ ၅၀၅၇ ဒသမ ၀၀ ဧက ရှိကြောင်း တွေ့ရှိရသည်။ ၅-၄-၂၀၁၁ ရက်နေ့မှ ၂၅-၇-၂၀၁၂ ရက်နေ့အထိ မြေလျော်ကြေးပေးပြီးသော ဧရိယာမှာ ဦးပိုင်မပေါက်သော် လည်း စိုက်ပျိုးထားမြေ ၁၇၂၇ ဧက အပါအဝင် ၆၇၈၄ ဧက ရှိကြောင်းတွေ့ရှိခဲ့ရသည်။

၅၅။ ကျေးရွာသစ်သို့ ပြောင်းရွှေ့သူများအား Wanbao Mining Limited ကကျေးရွာဟောင်းတွင် နေထိုင်ခဲ့ သောနေအိမ်အမျိုးအစားအလိုက် အဆောက်အအုံ၏ တစ်စတုရန်းပေနှုန်းထားဖြင့် တွက်ချက်ထားသော အဆောက်အအုံပျက်စီးမှုနစ်နာကြေးများကို (အနည်းဆုံး ၃၅၀၀၀ ကျပ်မှ အများဆုံး ကျပ် ၁၀ သိန်း အထိ) ထောက်ပံပေးခြင်း၊ ကျေးရွာသစ်ရှိနေအိမ်များတွင် လိုအပ်ချက်များရှိပါက စိတ်တိုင်းကျပြင်ဆင်ထိန်းသိမ်းနိုင်ရန် အိမ်အမျိုးအစားအလိုက် A-Type ၁၀ သိန်း၊ B-Type ၈ သိန်း၊ C-Type ၆ သိန်းနှင့် D-Type ၄ သိန်း နှုန်းများ ဖြင့်ထောက်ပံ့ငွေများပေးအပ်ခြင်း၊ အခြားလိုအပ်ချက်များပံ့ပိုးပေးခြင်း တို့ကိုဆောင်ရွက်ခဲ့ကြောင်းသိရှိခဲ့ရသည်။

၅၆။ စံပယ်တောင်နှင့်ကြေးစင်တောင်ကြေးန်ီသတ္တုတွင်း၏ လုပ်သားအင်အားမှာ နိုင်ငံခြားသားပညာရှင် ၆ ဦး၊ မြန်မာဝန်ထမ်း ၁၄၃၉ ဦး ဖြစ်ပြီး လက်ပံတောင်းတောင်သတ္တုတွင်းလုပ်သားအင်အားမှာ နိုင်ငံခြားသားပညာရှင် ၁၆၉ ဦး နှင့်မြန်မာဝန်ထမ်း ၆၆၀ ဦး ဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့်အင်ဂျင်နီယာဘွဲ့ရများနှင့် အခြားဘွဲ့ ရမြန်မာဝန်ထမ်းများ ၁၂၈ ဦး အား ၁၄-၉-၂၀၁၂ မှစ၍ လုပ်ငန်းခွင်အခြေခံ ၉ လသင်တန်း သင်ကြားပို့ချ လျက်ရှိပြီး သင်တန်းကာလအတွင်းအဆောင်၌ နေထိုင်စေပြီး စားသောက်စရိတ်နှင့် အထွေထွေစရိတ်အတွက် တစ်ဦးလျှင် ငွေကျပ် ၁ သိန်းနှုန်း ထောက်ပံ့ပေးကြောင်း၊ ရွှေ့ပြောင်းခံရသောကျေးရွာ ၄ ရွာနှင့်စီမံကိန်းအနီး ပတ်ဝန်းကျင် ကျေးရွာများမှရွာသူရွာသားများအား စီမံကိန်းဝန်ထမ်းအဖြစ် ခန့်ထားပေးပြီး လုပ်ငန်းခွင်လက် တွေ့သင်ကြားပေးခြင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ပံတောင်းတောင်ကြေးန်ီသတ္တုတွင်းသည် သတ္တုတွင်း ထူထောင်မှုကာလဖြစ်ပြီး တည်ဆောက်မှု လုပ်ငန်းများဆောင်ရွက်နေရ၍ နိုင်ငံခြားသားပညာရှင် ဦးရေများပြား နေခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုလုပ်ငန်းစတင်သည်နှင့် မြန်မာဝန်ထမ်းများအစားထိုး၍ နိုင်ငံခြားသားအင်အား အနည်းဆုံးနှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။

၅၇။ မြန်မာစီးပွားရေးဦးပိုင်လီမိတက် Myanmar Economic Holdings Limited-MEHL နှင့် Myanmar Wanbao Mining Copper Limited-MWMCL တို့က အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကျင်းပဲခြင်း၊ တောင်ကြားကျောင်းတိုက်ပဋ္ဌာန်းသိမ်းအောင်ပွဲ အခမ်းအနားကျင်းပခြင်း၊ ရေဘေးသင့်ဒေသခံများအတွက် အလှူငွေပေးအပ်ခြင်း၊ ဝက်မှေး-ကံတောကျေးရွာသစ်တွင်ကျောင်းသုံးစာအုပ်များ၊ ကျောင်းဝတ်စုံများနှင့် ကျောင်းသုံးဗီဒိုများလှူဒန်းခြင်း၊ ရွာသာရွာ၊ ယမားချောင်းတာပေါင်ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ရွာသာ-ရွှေပန်း ခိုင်လမ်းဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတား၊ မိုးကြိုးပြင်ရွာဆည်ပြုပြင်ဆောင်ရွက်ပေးခြင်း၊ ဖောင်း ကားရွာဆည်ပြုပြင်ပေးခြင်း၊ လက်ပံတောင်းကျေးရွာရှိဆေးပေးခန်းနှင့် စာကြည့်တိုက်ရှေ့မြေနေရာအား စက်ယန္တရား များဖြင့်ပြုပြင်ကူညီပေးခြင်းနှင့် ၂၀၁၁ ခုနှစ် အတွင်းမိုးရွာသွန်းမှုကြောင့် ကျိုးပေါက်သွားသော ဆားလင်းကြီးမြို့လည်ရှိ အများသုံးရေကန်ကြီးပြန်လည်ပြုပြင်မှုအား စက်ယန္တရားများ ဖြင့်ပြုပြင်ကူညီဆောင် ရွက်ပေးခြင်း၊ ကံကုန်ကျေးရွာတွင် သောက်သုံးရေအတွက်အဝီစိတွင်းနှင့် အုတ်ကန်ရေတူးဖော်လှူဒန်းခြင်း၊ သောက်ရေအတွက်ရေသန့်စက်လှူဒန်းခြင်း စသည်တို့ကိုဆောင်ရွက်ပေးခဲ့ ကြောင်းသိရှိခဲ့ရသည်။

၅၈။ ကြေးနီထုတ်လုပ်မှုစွမ်းရည်အနေဖြင့် စံပယ်တောင်၊ စံပယ်တောင်(တောင်)နှင့် ကြေးစင်တောင်ကြေးနီး သတ္တုတွင်းတို့မှ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ် အထိတစ်နှစ်လျှင် တန်ချိန် ၂၅၀၀၀ နှင့် ၂၀၁၅ ခုနှစ်မှစတင်၍ တစ်နှစ်လျှင်တန်ချိန် ၃၉၀၀၀ ထုတ်လုပ်ရန်ကိုလည်းကောင်း၊ လက်ပံတောင်းတောင် ကြေးန်ီသတ္တုတွင်း စီမံကိန်းမှ တစ်နှစ်လျှင်တန်ချိန်  ၁၀၀၀၀၀  ထုတ်လုပ်ရန်ကိုလည်းကောင်း ရည်မှန်းထားကြောင်းသိရှိခဲ့ရသည်။

၅၉။ စံပယ်တောင်၊ စံပယ်တောင်(တောင်)ကြေးနီသတ္တုစင်ထုတ်လုပ်မှုမှာ မြန်မာ-အိုင်ဗင်ဟိုကြေးနီကုမ္ပဏီ လီမိတက် (Myanmar Ivanhoe Copper Company Limited-MICCL) ၏ထုတ်လုပ်မှု လုပ်ငန်းများကို (Cut-off Date) အဖြစ်သတ်မှတ်ထားသည့် ၃၁-၁၂-၂၀၁၀ ရက်နေ့ နောက်ပိုင်းတွင် မြန်မာစီးပွားရေးဦးပိုင်လီမိတက် Myanmar Economic Holdings Limited-MEHL နှင့် (Wanbao Mining Copper Limied) ၏ ကုမ္ပဏီခွဲဖြစ် သော (Myanmar Yang Tse Copper Co.,Ltd) တို့ကတာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း၊ ထုတ်လုပ်မှု အတွက် အဓိကလိုအပ်လျက်ရှိသည့် (Diluent, HSD, Sulphuric Acid) နှင့် (Explosive) များကိုအမြန်ဖြည့် ဆည်းဆောင်ရွက်ပြီးထုတ်လုပ်မှုလုပ်ငန်းများစတင်ခဲ့ရာ ၅-၂-၂၀၁၁ ရက်နေ့မှ စတင်ပြီး ကြေးနီသတ္တုစင (Cathode Copper) များစတင်ထွက်ရှိခဲ့ကြောင်း၊ ၂၀၁၁ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ကုန်အထိစုစုပေါင်း (Cathode Copper) ၂၂၁၇၄ ဒသမ ၁၁ တန်ထုတ်လုပ်ပြီးဖြစ်ကြောင်း တွေ့ရှိခဲ့ရသည်။

၆၀။ ကြေးနီသတ္တုစင်ထုတ်လုပ်မှုဖြစ်စဉ် (Production Process) ကိုလက်တွေ့ကွင်းဆင်း လေ့လာကြည့်ရှုရာတွင် (Mining)၊ (Crushing)၊ (Screening)၊ (Heap Leaching)၊ (Solvent Extraction)၊ (Electco-wining) စသည့်လုပ်ငန်းအဆင့်ဆင့်ပါဝင်ကြောင်းတွေ့ရှိခဲ့ရသည်။ ထို့ပြင် ကြေးနီသတ္တုစင်ထုတ် လုပ်မှု ဖြစ်စဉ်တွင်အသုံးပြုရသော ကုန်ကြမ်းပစ္စည်းအမျိုးမျိုး (ရေနှင့်မြေကျောက်၊ အစိုင်အခဲ စသည်) တို့မှာ ထုတ်လုပ်မှုဖြစ်စဉ်စနစ် (Production Processing System) အတွင်းမှအပြင်သို့ စွန့်ထုတ်ပစ်ရန်မလိုဘဲ ဤစနစ်အတွင်းမှာပင် အဖန်တလဲလဲပြန်လည်အသုံးပြုနိုင်သော (Zero Discharge Process) ဖြစ်ကြောင်းတွေ့ရှိရသည်။

၆၁။ မိုင်းမြို့(Mine Town) (လုပ်သားမြို့) ရှိပြည်သူ့ဆေးရုံသည်ခုတင ၂၅ လုံးဆံ့ ဆေးရုံတစ်ရုံဖြစ်ပြီး အထွေထွေရောဂါကုဆရာဝန် ၄ ဦး၊ သွားဆရာဝန်တစ်ဦး၊ သူနာပြုဆရာမ ၆ ဦး၊ သူနာပြုအကူ ၅ ဦးနှင့် အထွေထွေအကူ ၃ ဦး ဖြင့်ကြေးန်ီသတ္တုတွင်းစီမံကိန်းဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား ၂၄ နာရီ ကျန်းမာရေးစောင့်ရှောက်မှုများပြုလုပ်ပေးလျက်ရှိကြောင်း၊ ယခုအခါ ၂၁-၅-၂၀၁၂ ရက်နေ့မှစ၍ နေ့စဉ် (Mobile Medical Team) တစ်ခုဖြင့် လှည့်လည်၍ အနီးပတ်ဝန်းကျင်ကျေးရွာများ ၂၈ ရွာမှ လူနာများကိုအခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးလျှက်ရှိကြောင်း တွေ့ရှိရသည်။ ဒေသခံရွာသားများ ကထို့ထက်ပိုမို၍ ထိရောက်သောအကူအညီများ ပေးစေလိုကြောင်းတွေ့ရှိရသည်။

၆၂။ ပုသိမ်-မုံရွာကားလမ်းဘေးရှိ ဒုန်းတောရွာနှင့် လေးညင်းတောင်ဘုန်းတော်ကြီးကျောင်းအကြား၊ (မိုင်တိုင်အမှတ် (၄၄၆/၂) မှ (၄၄၆/၇) အထိ) တွင်ရှိသောယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများကို ဒေသခံများကဒေသန္တရနည်းဖြင့် ဒုတ္တာ/ကြေးနီ ချက်လုပ်ပြီး ကျန်ရှိနေသည့် ညစ်နွမ်းမြေသားများကို အရုပ်ဆိုးအကျည်းတန်စွာတွေ့ရှိခဲ့ရသည်။ ထို့အပြင်ပုသိမ်-မုံရွာကား လမ်း ဘေးရှိ ကံကုန်းကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင်လည်း ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်အတွင်း စွန့်ပစ် ခဲ့သည့်စွန့်ပစ်မြေများကို ဒသန္တရနည်းဖြင့် ဒုတ္တာ/ကြေးနီ ချက်လုပ်မှုကြောင့် သောက်သုံးရေ မသန့်ရှင်းမှုများ ဖြစ်ပေါ်နေကြောင်းတွေ့ရှိခဲ့သည်။

၆၃။ မုံရွာကြေးန်ီစီမံကိန်း၏ ပထမအဆင့်ဖြစ်သည့်စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းတွင် ပေါင်းစပ်စီမံခန့် ခွဲမှုစနစ် (Integrated Management System) ကိုအရည်အသွေးမြင့်မားရေး၊ ဘေးအန္တရာယ်ကင်းရှင်းရေး၊ လုပ်ငန်းခွင်ကျန်းမာရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်မှုများတွင် အခြေခံမူဝါဒအဖြစ်ကျင့်သုံး ကြောင်း၊ ၂၀၀၃ ခုနှစ်မှစ၍ စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းသည် အပြည်ပြည်ဆိုင်ရာလက်မှတ် ၃ စောင်ဖြစ်သော ISO 14001:2004 (သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုစီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) ISO 9001:2008 (ထုတ်လုပ်မှုစီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) OHSAS 18001:2007 (လုပ်ငန်းခွင်ဘေးကင်း လုံခြုံမှုနှင့်ကျန်းမာရေးစီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) တို့ကိုရရှိထိန်းသိမ်းထားနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရသည်။

၆၄။ မုံရွာကြေးန်ီစီမံကိန်း၏ ဒုတိယအဆင့်ဖြစ်သည့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင်လည်း စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းမှာကဲ့သို့ပင် ဟင်းလင်းပွင့် (Open Pit) သတ္တုတူးဖော်ရေးလုပ်ငန်း၊ အက်စစ်ပါ ဝင်သောအရည်ဖျန်း၍ ဒုတ္တာရည်ထုတ်လုပ်ငန်း၊ အော်ဂဲနစ်အရည်ဖြင့် ဒုတ္တာအရည်အသွေးမြှင့် တင်ခြင်း လုပ်ငန်းနှင့် လျှပ်စစ်သုံးသန့်စင်နည်းဖြင့် ကက်သုတ်ကြေးနီထုတ်လုပ်ခြင်းလုပ်ငန်းများ ပါဝင်မည်ဖြစ် ကြောင်း၊ ထို့ပြင်လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် အပြည်ပြည်ဆိုင်ရာစံနှုန်းများကို အခြေခံသည့်စနစ် ကိုလည်း အလားတူဆက်လက် ကျင့်သုံးသွားမည်ဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။

 

 

 

 

၆၅။ ၁၉၉၆ခုနှစ် တွင်ဩစတြေးလျနိုင်ငံ (Coffey Partners International Pty. Limited) ကလက်ပံတောင်း တောင်ရေစီမံခန့်ခွဲမှု ပတ်ဝန်းကျင်စောင့်ကြည့်လေ့မှုများကိုဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် လက်ပံတောင်း စီမံကိန်းအတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်လူမှုဘဝအကဲဖြတ်မှု၊Environmental and Social Impact Assessment-ESIA) စာတမ်းကို ၁၉၉၇ ခုနှစ် ကပင်ဩစတြေးလျနိုင်ငံ (MINPROC Engineers Limited)က အကြိုဖြစ်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာ (Pre-feasibility Study Report) နှင့်ဖြစ်နိုင်စွမ်းလေ့လာမှုအစီရင်ခံစာ (Feasibility Study Report)၌ ရေးသားထည့်သွင်းခဲ့ကြောင်း၊ ၂၀၀၃-၂၀၀၄ ခုနှစ်များတွင်လည်း လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက်(Base Line Study on the Flora) နှင့် (Base Line Study on Fish, Birds & Mammals Report) တို့ကိုရန်ကုန်တက္ကသိုလ်၊ သတ္တဗေဒဌာနမှ စစ်တမ်းကောက်ယူပြုစုတင်ပြ ပြီးဖြစ်ကြောင်းတွေ့ရှိခဲ့ရသည်။

၆၆။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက်၂၀၁၂ခုနစ်၊စက်တင်ဘာတွင်Environment Myanmar Cooperative Company Limited (EMC) က Base Line and Monitoring Survey on Flora and Fauna of Letpadaung Copper Project Mine Areaကိုလည်းစစ်တမ်းကောက်ယူခဲ့ပြီးဖြစ်ကြောင်း၊Re-assessment of EIA & SIAတို့ကိုကုမ္ပဏီ၃ခုဖြင့်ဆောင်ရွက်ပြီးIntegrated Management System (IMS)၊Integrated Management Procedures(IMPs)၊Envinronmental Control Procedures (ECPs)၊Safety Procedures၊Environmental Aspect Register နှင့်Standard Operating Procedures (SOPs)စသောလုပ်ငန်းများကိုပြဋ္ဌာန်းပြီးအသေးစိတ်စီမံဆောင်ရွက်မည်ဖြစ်ကြောင်းသိရှိခဲ့ရသည်။

၆၇။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် Myanmar Economic Holdings Limited-MEHL သည်စုံစမ်းစစ်ဆေး ရေးကော်မရှင်အား ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ချုပ်ဆိုထားသော စာချုပ်ကိုတင်ပြခဲ့ပါသည်။ ၂၀၁၃ ခုနစ်၊ ဇန်နဝါရီ ၉ ရက်နေ့တွင် စုံစမ်းစစ်ဆေးရေးကော်မရှင်နှင့် ဦးပိုင်ဥက္ကဋ္ဌခေါင်းဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံရာ တွင်ဦးပိုင်လီမိတက်ဘက်မှ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းအား ဦးပိုင်လီမိတက်သို့ သတ္တုဝန် ကြီးဌာနက ထုတ်လုပ်ခွင့်ပါမစ်ထုတ်ပေးခဲ့ကြောင်း၊ ဦးပိုင်လီမိတက်သည်ဝမ်ပေါင်ကုမ္ပဏီနှင့် ထုတ်လုပ်ခွဲဝေ သည့် (Production Shaing Contract) စာချုပ်ချုပ်ဆိုခဲ့ကြောင်း၊ မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်၊ ကုန်သွယ်မှုဝါဒကောင်စီ၏ခွင့်ပြုမိန့်၊ အစိုးရအဖွဲ့တို့၏ခွင့်ပြုမိန့်တို့ကိုရယူခဲ့ကြောင်းရှင်းပြခဲ့ပါသည်။ ထိုကဲ့သို့ သဘောတူညီချက်များ ရယူထားသော်လည်း နိုင်ငံခြားကုမ္ပဏီနှင့် သတ္တုတွင်းလုပ်ငန်းလုပ်ကိုင်ခြင်းဖြစ်ရာ ထိုသို့လုပ်ကိုင်ရန် အတွက်ခွင့်ပြုမိန့် အမိန့်ကြော်ငြာစာ (Notification) ကိုထုတ်ပြန်ထားခြင်းမရှိကြောင်းကို တွေ့ရှိရပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏အတိုင်ပင်ခံပညာရှင် ၂ ဦး တို့က နိုင်ငံတော်၏ အကျိုးစီးပွား၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ရေရှည်အကျိုးအတွက်ဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်တို့ချုပ်ဆိုထားသော စာချုပ်တွင် ပြင်ဆင်သည့်အချက်အလက်တို့ကို အကြံပြုခဲ့ကြပါသည်။ ဦးပိုင်လီမိတက်သည် ကန်ထရိုက်စာချုပ် ကိုပြင်ဆင်ခွင့်ရှိကြောင်းနှင့် ထိုသို့ပြင်ဆင်သည့်အခါ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ အကြံပြုချက်များကို ထည့် သွင်းပြင်ဆင်မည်ဖြစ်ကြောင်းဖြင့် ကော်မရှင်အားပြောကြားခဲ့ပါသည်။

၆၈။ ကော်မရှင်၏ဒေသခံအဖွဲ့ဝင်တို့ကယင်းမာပင်မြို့နယ်၊ရေကြည်ပြင်ရွာမှအမျိုးသမီးကြီးတစ်ဦးသည်၂-၂-၂၀၁၃ရက်နေ့တွင်ကျောက်မိုင်းခွဲမှုကြောင့်အုတ်ရေကန်ပြိုကျ၍ဒဏ်ရာရရှိသည်ဟုကော်မရှင်အားသတင်းပို့ခဲ့ရာကော်မရှင်အဖွဲ့နှစ်ဦးသည်၆-၂-၂၀၁၃ရက်နေ့တွင်သွားရောက်စစ်ဆေးခဲ့ပါသည်။

(က) အမျိုးသမီးကြီးတစ်ဦးသည့်အုတ်ပြိုကျသဖြင့် ပွန်းကျဒဏ်ရာများရရှိပြီးမုံရွာပြည်သူ့ဆေးရုံ၌ ဆေးကုသမှု ခံနေသည်ကိုတွေ့ရှိရပါသည်။ပြည်သူ့ဆေးရုံကလိုအပ်သောကျန်းမာရေးစစ်ဆေးမှုများကိုပြုလုပ်ပေးခဲ့ပါသည်။

(ခ) ပြိုကျသည့်အုတ်ရေကန်ကို စစ်ဆေးကြည့်ရာအုတ်ရေကန်မှာ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလတွင် ဆောက်လုပ် ခဲ့ပြီးလက်ရာမှာ သတ်မှတ်အရည်အသွေးမမီကြောင်း၊ အုတ်ရေကန်မှာမြေတုန်ခါမှု (Vibration) လားရာ ဘက်သို့ ဆန့်ကျင်၍ပြိုကျခဲ့သည်ကို တွေ့ရှိရပါသည်။ ရွာအတွင်းရှိအခြားရေကန်များမှာမူ ထိခိုက်ပျက် စီးမှုမရှိကြောင်းတွေ့ရှိရပါသည်။ ကော်မရှင်အဖွဲ့ဝင်များသည် မြန်မာ-ယန်စီကော့ပါးကုမ္ပဏီက ကြေးစင်တောင် နှင့်စံပယ်တောင်တို့တောင်တွင် စမ်းသပ်ကျောက်မိုင်းခွဲမှုများကို မျက်မြင်ကြည့်ရှုခဲ့ရာ များစွာကျယ်လောင် သောအသံများမကြားရဘဲ တုန်ခါမှုမရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ပတ်ဝန်းကျင်သို့ဆက်လက် လေ့လာခဲ့ရာ ရေပုပ်ကျေးရွာရှိဘုရားများအားပျက်စီးမှု ရှိ / မရှိ လှည့်လာကြည့်ရှုဖူးမြော်ပြီး၊ ဆရာတော်သီလနန္ဒ၏ မိန့်ကြား ချက်အရ ယခင်နှစ်က ငလျင်ဒဏ်ကြောင့် ဘုရားစေတီအချို့ကွဲအက်ခဲ့ကြောင်း၊ ကျောက်မိုင်းခွဲမှုကြောင့် အသံ ကျယ်ပြီး မြေတုန်ခါမှုအနည်းငယ်သာရှိကြောင်း သိရှိရပါသည်။

(ဂ) အမျိုးသမီး၏ ဒဏ်ရာရှိမှုသည် ကျောက်မိုင်းခွဲမှုနှင့် ဆက်စပ်မှုမရှိသော်လည်း မြန်မာ-ယန်စီကော့ပါး ကုမ္ပဏီက စေတနာအလျောက် ဆေးကုသပေးခဲ့ကြောင်းတွေ့ရှိရပါသည်။

မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့အားတာဝန်ပေးအပ်ခြင်း

၆၉။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ ကွင်းဆင်းလေ့လာချက်များမှာ ပဏာမစုံစမ်းစစ်ဆေးမှုများဖြစ်သဖြင့် လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် စပ်လျဉ်း၍ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုနှင့် လူမှုဘဝ အကျိုးသက်ရောက်မှုတို့ကို အကဲဖြတ်နိုင်ရန်အတွက် မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအားတာဝန်ပေးခဲ့ရာ မြန်မာ့ပတ် ဝန်းကျင်သည် အောက်ပါဘာသာရပ်ကျွမ်းကျင်သူများအဖွဲ့ပါဝင်သည့် အဖွဲ့ဖြင့်လုပ်ငန်းများကို ဖွဲ့ဆည်းဆောင် ရွက်လျက်ရှိပါသည်။

(က) Ecology Expert                                                            ၁ ဦး

(ခ) Natural Hazard and Environment Management                             ၁ ဦး

(ဂ) Project Development Analyst Expert                                 ၁ ဦး

(ဃ) Health, Safety and Environment Consultant                       ၁ ဦး

(င) Environment Engineering Consultant                                  ၁ ဦး

(စ) Soil and Water Expert                                                    ၁ ဦး

(ဆ) Environment Mapping Expert                                         ၁ ဦး

(ဇ) Social Impact Assessment Expert                                     ၁ ဦး

(ဈ) Air Quality Expert                                                          ၁ ဦး

(ည) EIA Consultant                                                            ၁ ဦး

(ဋ) Cultural Expert                                                              ၁ ဦး

 

မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့၏လေ့လာတွေ့ရှိချက်များ

၇၀။ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံအဖွဲ့သည် ဒီဇင်ဘာလ ၂၄ ရက်နေ့မှ ၃၀ ရက်နေ့အထိ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနှင့် စပ်လျဉ်း၍လည်းကောင်း၊ စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီသတ္တုတွင်း စီမံကိန်း လုပ်ဆောင်နေမှုကိုလည်းကောင်း သွားရောက်၍ လက်တွေ့ကွင်းဆင်းလေ့လာခဲ့ပါသည်။ ကွင်းဆင်း လေ့လာချက်များအရ အောက်ပါတို့ကိုတွေ့ရှိခဲ့ပါသည်။

(က) ဂေဟစနစ်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဒေသတွင်ရှိ သည့်သစ်ပင်များ အနက်သစ်ပင် အမျိုးအစား (Plant species) တွင်မျိုးတုံးမည့် အမျိုးအစားမတွေ့ရကြောင်း၊ မြစ်ရေလျှံသည့် အခါကြေးနီမိုင်း အနီးအထိ ရောက်ရှိကြောင်း။ ချင်းတွင်းမြစ်ရေ၏ နမူနာကိုစစ်ဆေးခဲ့ရာ တွင်နိုင်ငံတကာစံချိန်နှုန်းအတွင်း ရှိကြောင်း၊ မြေအောက်ရေ (Groung Water) ကိုစစ်ဆေးရာတွင် မြေအောက်ရေသည် သောက်သုံးရန် မသင့်လျော်သည်ကိုတွေ့ရှိကြောင်း၊ အထူးသဖြင့်ကံကုန်ကျေးရွာရှိရေတွင်းများမှ မြေအောက်ရေသည်နိုင်ငံ တကာကသတ်မှတ်ထားသော သောက်သုံးရေစံနှုန်းထက်နိမ့်ကျသည်ကိုတွေ့ရှိရကြောင်း၊

(ခ)လေထုညစ်ညမ်းမှုအခြေအနေ။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နယ်မြေဝန်းကျင် ဖုန်ပါဝင်မှုသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) စံချိန်စံညွှန်းများထက် ပိုမိုနေသည်ကိုတွေ့ရှိရပါသည်။ လေထုနှင့်ပတ်သက် သည့် အခြားအင်္ဂါရပ်များဖြစ်သော CO2, VOC, NO2 and SO2 တို့ပါဝင်မှုမှာ သတ်မှတ်ထားသော စံချိန် စံညွှန်းအတွင်း ကောင်းမွန်သည့်အခြေအနေရှိသည်ကို တွေ့ရှိရပါသည်။

 

 

(ဂ) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအပေါ်လူမှုရှုထောင့်မှဆန်းစစ်ချက်။ မြန်မာ့ပတ်ဝန်းကျင် သိပ္ပံအဖွဲ့သည် ၂၅-၁၂-၂၀၁၂ မှကွင်းဆင်းလေ့လာပြီးစံပယ်တောင်၊ ကြေးစင်တောင်နှင့် လက်ပံတောင်း တောင်တို့၏ သဘာဝပတ်ဝန်းကျင်နှင့်လူမှုရေး၊ ကျန်းမာရေးဆောင်ရွက်မှု အခြေအနေများကိုလေ့လာခြင်း၊ လယ်ယာမြေလျော်ကြေးကိစ္စနှင့် ပတ်သက်၍တွေ့ဆုံမေးမြန်းခြင်းတို့ကိုပြုလုပ်ခဲ့ပါသည်။ ထိုသို့လေ့လာရာတွင် ပြောင်းရွှေ့မည့်ကျေးရွာသစ်ကိုတည်ဆောက်ပေးခြင်း၊မူလတန်းကျောင်း၊စာကြည့်တိုက်၊ဆက်သွယ်ရေးစခန်းနှင့်မီးသတ်ရေးစခန်းများထားရှိပေးခြင်း၊ ရေ၊ မီးရရှိရန်ဆောင်ရွက်ပေးခြင်း၊ ဘုန်းတော်ကြီးကျောင်းများ တည် ဆောက်ပေးခြင်း စသည်တို့ကိုပြုလုပ်ပေးကြောင်းတွေ့ရှိရပါသည်။ အိမ်များကို တည်ဆောက်ပေးရာတွင် အရည် အသွေးညံ့သဖြင့် အိမ်အမျိုးအစားအလိုက် လျော်ကြေး ၄ သိန်းမှ ၁၀ သိန်းအထိ ထပ်မံပေးအပ်သည် ကိုလည်းတွေ့ရှိရပါသည်။ မြေယာ/သီးနှံလျော်ကြေးအဖြစ် တစ်ဧကလျှင် ၅၂၀၀၀၀ ကျပ်မှ ၅၅၀၀၀၀ ကျပ်အထိ လည်းကောင်း၊ ထန်းတစ်ပင်နှင့် သနပ်ခါးတစ်ပင်လျှင် ၁၀၀၀၀ ကျပ်၊ သရက်ပင်တစ်ပင်လျှင် ၁၆၀၀၀ ကျပ်နှုန်းဖြင့်လည်းကောင်း လျော်ကြေးပေးခဲ့ကြောင်း တွေ့ရှိရပါသည်။

(ဃ)    ကွင်းဆင်းအဖွဲ့အနေဖြင့် အောက်ပါအားနည်းချက်များကို တွေ့ရှိခဲ့ပါသည်-

(၁)     ရွာသစ်များကို စံပြကျေးရွာအဆင့်မီ တည်ဆောက်ထားမှုမရှိခြင်း၊

(၂)     လျော်ကြေးကိစ္စတွင် ပွင့်လင်းမြင်သာမှုမရှိခြင်း၊

(၃)     သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်းနည်းသော ရွာသူရွာသားများအား စီမံကိန်းနှင့် ပတ်သက်သည့် သိကောင်းစရာများကို ခေါ်ယူဆွေးနွေးရှင်းလင်းမြသမှု မရှိခြင်း၊

(၄)     လျော်ကြေးပေးမည့် ဆင့်ခေါ်ကြော်ငြာစာများတွင် မြေယာ/သီးနှံလျော်ကြေးများဟု ရေးထားပြီး လျော်ကြေးရရှိကြောင်း လက်ဗွေ (သို့မဟုတ်) လက်မှတ်ထိုးရသော ၀န်ခံချက်စာရွက်တွင်မူ လျော်ကြေးငွေရရှိ ကြောင်းနှင့် မြေယာစွန့်လွှတ်ကြောင်း ၀န်ခံချက်ဟုတွေ့ရခြင်း၊

(၅)     မြေယာ/သီးနှံလျော်ကြေးပေးရာတွင် ယာမြေဖြင့် အသက်မွေးဝမ်းကျောင်းနေရသော ကျေးလက်နေ ရွာသူ/ရွာသားများအား ကာလတန်ဖိုး (Market Value) ဖြင့် လျော်ကြေးပေးမှုမရှိခြင်း၊

(၆)     လက်ပံတောင်းတောင်စီမံကိန်းတွင် လူမှုရေးအကျိုးသက်ရောက်မှုအဆင့်မီအကဲဖြတ်ခြင်း (Social Impact Assessment- SIA) ဆောင်ရွက်ထားမှုမရှိခြင်းတို့ကို တွေ့ရှိရပါသည်။

(င)     လယ်တီဆရာတော်ဘုရားကြီး လက်ပံတောင်းတောင်တွင် သီတင်းသုံးခဲ့မှုဆိုင်ရာ တွေ့ရှိချက်များနှင့် အခြားယာဉ်ကျေးမှုဆိုင်ရာ အထောက်အထားများ။ လက်ပံတောင်းတောင်စီမံကိန်းနှင့် ပတ်သက်၍ ကြေးနီစီမံကိန်းပြုလုပ်မည့်နေရာသည် ပထမလယ်တီဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့သည့် နေရာဖြစ် ကြောင်း၊ လက်ပံတောင်းတောင်ကြား တောရကျောင်းရှိ စေတီသိမ်နှင့်ဂန္ဓကုဋိ အဆောက်အအုံတို့သည် ပထမ လယ်တီဆရာတော်ဘုရားကြီးတည်ထားသည့် အဆောက်အအုံတို့ဖြစ်ကြောင်း၊ ထိုအဆောက်အအုံတို့ကို နေရာမပျက်ထားရှိသင့်သည်ဟု တောင်းဆိုချက်များ ရှိနေပါသည်။ ထိုအချက်အလက်နှင့် ပတ်သက်၍ မြန်မာ့ပတ်ဝန်းကျင်သိပ္ပံမှ ကျွမ်းကျင်သူတို့ လေ့လာစိစစ်ခဲ့ရာတွင် အောက်ပါအတိုင်းတွေ့ရှိခဲ့ပါသည်-

(၁)     အစောဆုံးတွေ့ရသော မှတ်တမ်းများအရ လယ်တီဆရာတော်ကြီးသည် မြန်မာသက္ကရာဇ် 1265 ခုနှစ် (ခရစ်သက္ကရာဇ် 1903 ခုနှစ်) တွင် လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်း ဆောက်လုပ်၍ သီတင်းသုံးကာ တစ်ဝါဆိုတော်မူခဲ့ကြောင်း၊

(၂)     မှတ်တမ်းအရ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းဟုသာ ဖော်ပြထားပြီး တည်နေရာ အတိအကျ ဖော်ပြထားခြင်းမရှိပါ။ ဆရာတော်ကြီးသီတင်းသုံးနေစဉ် တောင်၏ အနောက်မြောက်ရှိကျော်ရွာ၊ တောင်ပလူရွာ စသည်တို့ကို ဆွမ်းခံရွာများအဖြစ် သတ်မှတ်ထားသည်ကို တွေ့ရှိရပါသည်။

(၃)     လက်ပံတောင်းတောင်ကြား တောရကျော်ငးရှိ စေတီမှာ မြန်မာမင်းများလက်ထက်ကတည်းက တည်ထားခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းများစွာ ကြာမြင့်လာသောကြောင့် ပျက်စီးသွားကာ အောက်ခြေနှင့် ခြင်္သေ့လေး ကောင်သာ ကျန်ရှိခဲ့ပြီး မြန်မာသက္ကရာဇ် ၁၃၂၆ ခုနှစ် (ခရစ်သက္ကရာဇ် ၁၉၆၄ ခုနှစ်)တွင် ပြန်လည်တည် ဆောက်ထားခြင်းဖြစ်ကြောင်း၊

(၄)     စေတီပရိဝုဏ်အတွင်းရှိ သိမ်နေရာဟု သတ်မှတ်ထားသော မြေနေရာတွင် သိမ်တိုင်နှစ်မျိုးရှိနေ သည်ကို တွေ့ရှိရသည်။ အသစ်ပြုလုပ်ထားသော သိမ်တိုင်သည် ယခုခေတ် ကျောက်ဆစ်လက်ရာဖြစ်ပြီး သိမ်တိုင်အဟောင်းမှာ ကျောက်ဆစ်လက်ရာမပါသော ထောင့်မှန်ပုံဖြတ်တောက်ထားသည့် သဲကျောက်တိုင်ဟု ယူဆရသော ပိုမိုရှေးကျသည့် သိမ်တိုင်ဖြစ်ပါသည်။ သိမ်တိုင်အဟောင်းမှာ သိမ်တိုင်အသစ်ထက်များစွာ ရှေးကျသည်ဟု ခန့်မှန်းရပါကြောင်း၊

(၅)     လယ်တီဆရာတော်ဘုရားကြီး လက်ပံတောင်းတောင်တွင် သီတင်းသုံးခဲ့သည့် စင်္ကြန်ကျောင်းနေရာနှင့် စပ်လျဉ်း၍ ကွဲပြားချက်များရှိနေပါကြောင်း၊ အချို.မှတ်တမ်းများတွင် လက်ပံတောင်းတောင်ကြားတောရဟု ဖော်ပြထားပြီး နေရာအတိအကျ ဖော်ပြထားခြင်းမရှိကြောင်း၊

(၆)     ရွှေမြင်တင်စေတီနှင့် ရွှေဇာလီစေတီတို့နှင့် စပ်လျဉ်း၍ သမိုင်းအထောက်အထား လွန်စွာနည်းပါး၍ ရှေးဟောင်းစေတီများဟု ဆိုနိုင်ရန် ခက်ခဲပါကြောင်း စသည်ဖြင့် တင်ပြထားပါသည်။

ဘာသာရပ်နှင့် ဥပဒေ ကျွမ်းကျင်ပညာရှင်များနှင့် စီးပွားရေးပညာရှင်တို့အား ခန့်ထားခြင်း

၇၁။     လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီတို့ချုပ်ဆိုထားသည့်စာချုပ်ကို ဘက်စုံထောင့်စုံမှ စိစစ်နိုင်ရန်အတွက် သတ္တုတွင်းလုပ်ငန်းနှင့် ပတ်သက်၍လည်းကောင်း၊ ဥပဒေပညာပိုင်းနှင့် ပတ်သက်၍လည်းကောင်း ကျွမ်းကျင်သူပညာရှင်များ ဖြစ်ကြ သော ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဦးစိုးမြနှင့် ဥပဒေပါမောက္ခ ဒေါက်တာဒေါ်သန်းနွဲ့တို့အား နိုင်ငံတော်သမ္မတရုံး ၏ စီစဉ်ပေးမှုဖြင့် ခန့်ထားခဲ့ပါသည်။

၇၂။     နိုင်ငံတောင်ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်နှင့် ပတ်သက်၍လည်းကောင်း၊ ကြေးနီစီမံကိန်းဆောင်ရွက်ခြင်း ကြောင့် ပြည်သူလူထုနှင့် အနာဂတ်မျိုးဆက်များအတွက် အကျိုးရှိ/မရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်မှ စိစစ်ရာ တွင် စီးပွားရေးပညာရှင်ပံ့ပိုးမှုလိုအပ်ပါသဖြင့် ကော်မရှင်သည် နိုင်ငံတော်သမ္မတရုံး၏ အစီအစဉ်ဖြင့် ညွှန်ကြားရေးမှူးချုပ်(ငြိမ်း)၊ မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်အဖွဲ့ဝင် ပါမောက္ခဒေါက်တာအောင်ထွန်းသက် အား စီးပွားရေးပညာရှင်အဖြစ် ဇန်န၀ါရီလ ၁၄ ရက်နေ့တွင် ခန့်ထားခဲ့ပါသည်။

ဘာသာရပ်နှင့် ဥပဒေ ကျွမ်းကျင်ပညာရှင်များ၏ တွေ့ရှိအကြံပြုချက်များ

၇၃။     ဘာသာရပ်ကျွမ်းကျင်သူနှင့် ဥပဒေပညာရှင်တို့သည် မြန်မာ့စီးပွားရေး ဥိးပိုင်လီမိတက်နှင့် မြန်မာ ၀မ်ပေါင်ကြေးနီကုမ္ပဏီတို့ ချုပ်ဆိုသောစာချုပ်ကို လေ့လာသုံးသပ်ပြီး အောက်ပါတွေ့ရှိချက်နှင့် အကြံပြုချက် များကို တင်ပြခဲ့ပါသည်။

(က)    သတ္တုတွင်းလုပ်ငန်း ဖက်စပ်စာချုပ်များ ချုပ်ဆိုခြင်းနှင့် စပ်လျဉ်း၍ ၁၉၉၆ ခုနှစ် မြန်မာ့သတ္တုတွင်း နည်းဥပဒေများ အခန်း ၁၆၊ နည်းဥပဒေ ၈၄ ပါ ပြဌာနးချက်အရ သတ္တုတွင်း ၀န်ကြီးဌာနသည် မည်သည့်ပုဂလ်(သို့မဟုတ်)အဖွဲ့အစည်းကိုမဆို ၀န်ကြီးဌာန လက်အောက်ရှိ နိုင်ငံတော် ပိုင်လုပ်ငန်းတစ်ခုခုနှင့် ဓာတ်သတ္တုရှာဖွေခြင်း၊ စမ်းသပ်တိုင်းတာခြင်း (သို့မဟုတ်) ထုတ်လုပ်ခြင်းဆိုင်ရာ ဖက်စပ်စာချုပ်များကို ဥပဒေနှင့်အညီ ချုပ်ဆိုနိုင်သည်ဟုပြဌာန်းပြီး နည်းဥပဒေ ၈၅ တွင်ချုပ်ဆိုနိုင်သည့် စာချုပ်အမျိုးအစားများကို ဖော်ပြထားပါကြောင်း။

 

(ခ) မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်အနေနှင့် ၂၉-၁-၂၀၁၀ နေ့တွင် လက်ပတောင်းတောင်သတ္တုသိုက်အား အကြီးစားသတ္တုတူးဖော်ထုတ်လုပ်ပြီး ကြေးနီသတ္တုစင်ထုတ်လုပ်၍ အချိုးကျခွဲဝေခံစားမှုဖြင့် ထုတ်လုပ်မှု လုပ်ငန်းကို ဥပဒေနှင့်အညီ လုပ်ပိုင်ခွင့်ရရှိရေးအတွက် အဆိုပြုချက်ကို သတ္တုတွင်း ၀န်ကြီးဌာနသို့ တင်ပြခဲ့ပါကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာနသည် ၅-၃-၂၀၁၀ ရက်စွဲဖြင့် ခွင့်ပြုမိန့်စာအမှတ် ၈၀၀၃/၂၀၁၀ ကိုထုတ်ပေးခဲ့ပါကြောင်း၊ သတ္တုတွင်းဝန်ကြီးဌာနသည် သတ္တုတွင်း ဥပဒေ အခန်း ၃၊ ပုဒ်မ ၄(ခ)နှင့် ၇(က) တို့ အရ) မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်သို့ အစိုးရအဖွဲ့၏ သဘောတူညီချက်ဖြင့် ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပါသည်။ သို့ရာတွင် ယခုချုပ်ဆိုသည့်စာချုပ်မှာ သတ္တုတွင်းဝန်ကြီးဌာန၏ လက်အောက်ခံအဖွဲ့အစည်းတစ်ခုနှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီတို့ချုပ်ဆိုသည့် စာချုပ်မဟုတ်ဘဲ နိုင်ငံသားပုဂ္ဂလိက စီးပွားရေးအဖွဲ့အစည်းဖြစ်သည့် မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် နိုင်ငံခြားသားပိုင် ကုမ္ပဏီတို့ချုပ်ဆိုသည့် စာချုပ်ဖြစ်ပါ၍ ၁၉၈၉ ခုနှစ်၊ နိုင်ငံတော်စီးပွားရေးဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းများအခန်း (၂)၊ နည်းဥပဒေ ၃(ဂ) ပါပြဌာန်းချက်များ နှင့်အညီ အစိုးရအဖွဲ့သည် ဥပဒေပုဒ်မ ၄ ပါလုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ခွင့်ပြုမိန့်ကို အမိန့်ကြော်ငြာစာ ထုတ်ပြန် ပေးရန် လိုအပ်ပါကြောင်း။

(ဂ) စာချုပ်ကို Production Sharing Contract (PSC) အရချုပ်ဆိုထားပြီး စာချုပ်၏ Annex III တွင် Production Sharing Ratio များကိုဖော်ပြထားပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ သတ္တုတွင်းဝန်ကြီးဌာနသို့တင်ပြသည့် Benefit Calculation List ကုန်ကျစရိတ်များကို ထုတ်နုတ်ပြီးမှ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်မှ ၅၁ ရာခိုင်နှုန်းနှင့်ဝမ်ပေါင် ကုမ္ပဏီမှ ၄၉ ရာခိုင်နှုန်းဖြင့်ခွဲယူရန် ဖော်ပြပါရှိပါကြောင်း၊ မြန်မာ့စီးပွားရေး ဦးပိုင်လီမီတက်နှင့် ၀မ်ပေါင် ကုမ္ပဏီတို့ ရရှိမည့်အချိုးနှင့် နိုင်ငံတော်အစိုးရက ရရှိမည့်အခွန်အခများ၊ ဓာတ်သတ္တုခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန်များကို ပေါင်းပြီး ရရှိနိုင်မည့် ရာခိုင်နှုန်းများကို ဖော်ပြထားပါကြောင်း၊ ၀င်ငွေခွန်ကို ယခင်နှုန်းထား ၃၀ ရာခိုင်နှုန်း၏ ထက်ဝက် ၁၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း ၈ ရာခိုင်နှုန်းဖြင့် တွက်ချက်ထားပါကြောင်း၊ ယခုအခါ ၀င်ငွေခွန်ဥပဒေအရ ၀င်ငွေခွန်ကို ၃၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းသို့လျှော့ထားပေးပြီး ဖြစ်ပါကြောင်း အကယ်၍စာချုပ်သက်တန်းတစ်လျှောက်လုံး ၁၅ ရာခိုင်နှုန်းနှင့်ပေးထားပါက MIC နှင့်အစိုးရအဖွဲ့တို့က သဘော တူပြီး ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပေးမည်ဟုယူဆပါကြောင်း၊ ကုန်သွယ်ရေး လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကိုလည်း ယခုအခါ ပြည်တွင်းရောင်းချမှုအပေါ်သာကောက်ခံပြီး ပြည်ပတင်ပို့ရောင်း ချမှုအပေါ် ကင်းလွတ်ခွင့်ပြုထား၍ အစိုးရကရရှိငွေပမာဏ လျော့နည်းသွားမည်ဖြစ်ပါကြောင်း။

(ဃ) Production Sharing Contract (PSC) စာချုပ် Article-33 Annexure နှင့်စပ်လျင်း၍ ”All Annexures are an integral part of this Contract and have the same legal effect on all Articles of the Contract” ဟုထည့်သွင်းချုပ်ဆိုထားပါသည်။ ထို Annex များကိုသုံးသပ်ရာတွင် အောက်ပါတို့ကို ပြင်ဆင်လို မည်ဟုသုံးသပ်ပါသည်-

– Annex III Production Sharing Ratio ကိုချုပ်ဆိုထားသည့်စာချုပ်မှာ Production Sharing Contract (PSC) စာချုပ် (after cost recovery) ဖြစ်၍ Equity ထည့်ဝင်မှုဖြင့်ဆောင်ရွက်သည့် စာချုပ်များကဲ့သို့ ကြေးနီ ဈေးတက်ချိန်တွင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အနေဖြင့် ရှယ်ယာတန်ဖိုးအပေါ် (Capital Gain) အကျိုး ခံစားခွင့်ရရှိမည်မဟုတ်ပါ။

– Annex IV List of Tax/Fiscal Incentives, Exemptions and Reliefs ပြင်ရန်လိုအပ်မည်ဖြစ်ပါသည်။

– Annex IV နှင့်ပတ်သက်၍ MIC နှင့်အစိုးရအဖွဲ့က သဘောတူမှသာ အတည်ဖြစ်သည်ဟု ထည့်သွင်းဖော်ပြ သင့်ပါသည်။

(င) စာချုပ်ပုံစံမှာသတ္တုဝန်ကြီးဌာန Production Sharing Contract (PSC) စနစ်ဖြင့် ဆောင်ရွက်သည့် သာမန်စာချုပ်ပုံစံကို အခြေခံရေးသားထားခြင်းဖြစ်သော်လည်း မတူညီသည့်အချက်များပါဝင်ပါကြောင်း၊ သတ္တု ဝန်ကြီးဌာနသည် ပြည်တွင်းလုပ်ငန်းရှင်များနှင့် ဝန်ကြီးဌာနလက်အောက်ခံအဖွဲ့အစည်းများနှင့် ချုပ်ဆိုသည့် စာချုပ်များတွင် Cost Recovery ခွင့်ပြုမှုမရှိပါ။ Project Proposal ကိုလည်းစာချုပ်၏ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုပြီး ဥပဒေအကျိုးသက်ရောက်မှုရှိစေမည်ဟု ထည့်သွင်းဖော်ပြလေ့မရှိပါကြောင်း။

(စ) ယခုကဲ့သို့ စာချုပ်ကြီးများကိုချုပ်ဆိုရာတွင်သာမာန် Production Sharing Contract (PSC) စာချုပ်ပုံစံမျိုးဖြင့်မဟုတ်ဘဲ အသေးစိတ်အချက်အလက်များ (Environmental Impcat Assessment-EIA, Social Impact Assessment-SIA, Feasibility Study) စသည်တို့ပါဝင်သည့် စာချုပ်မျိုးကို ချုပ်ဆိုသင့်ပါ ကြောင်းဖြင့်တင်ပြထားပါသည်။

စီးပွားရေးပညာရှင်၏ တွေ့ရှိအကြံပြုချက်များ

၇၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စီးပွားရေးပညာရှင်သည် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ စီးပွားရေးစိစစ်ချက်(Economic Analysis) ကိုပြုလုပ်ခဲ့ပါသည်။ ထိုသို့ပြုလုပ်ရာတွင် ၀မ်ပေါင် ကုမ္ပဏီက ၂၀၁၀ ခုနှစ်၊ ဇန်န၀ါရီလတွင် ပြုစုတင်သွင်းခဲ့သော စီမံချက်အဆိုပြုလွှာ (Project Proposal)၊ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်က ၂၀၁၀ ခုနှစ်၊ ဇွန်လတွင်ပြုစုခဲ့သော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အတွက်ချုပ်ဆိုသည့် စာချုပ်တို့ကို အမှီအငြမ်းပြုခဲ့ပါသည်။ ထို့အပြင် ၁၉၉၇ ခုနှစ်၊ မတ်လတွင် အိုင်ဗင်ဟိုး မြန်မာဦးပိုင်လိမိတက် (Ivanhoe Myanmar Holding Ltd.) က ပြုစုထားသော ဖြစ်နိုင်စွမ်း လေ့လာဆန်းစစ် ချက်  (Feasibility Study) ကိုလည်း နှိုင်းယှဉ်လေ့လာခဲ့ပါသည်။

၇၅။ ထိုသို့နှိုင်းယှဉ်လေ့လာရာတွင် အိုင်ဗင်ဟိုးကုမ္ပဏီက သုံးသပ်စိစစ်ထားမှုတို့သည် အသေးစိတ် စနစ်တကျ လေ့လာစိစစ်ထားသည်ကိုတွေ့ရှိရပြီး မူလစိုက်ထုတ်ငွေ (Initial outlay) ဒေါ်လာ ၃၁၃ သန်း ပေါ်တွင် စီမံကိန်းကာလအတွင်း ၀င်ငွေ ဒေါ်လာ ၃၇၁၃ ဒသမ သုည သန်းရှိမည်ဟု မှန်းဆထားပါသည်။ ထုတ်လုပ်မှုစရိတ်စကမှာ ဒေါ်လာ ၁၄၂၆ သန်းဟု ခန့်မှန်းထားပြီး အစိုးရအခွန်အခစသည်တို့မှာ ဒေါ်လာသန်း ၂၆၇ သန်းဟုခန့်မှန်းခဲ့ပါသည်။ စီမံကိန်းအတွက် အခွန်အခမပေးသွင်းမီ ဝင်ငွေမှာ ဒေါ်လာ ၁၄၄၇ သန်းဟု လည်း ခန့်မှန်းခဲ့ပါသည်။ ဤစီမံချက်၏ အကျိုးအမြတ်တို့သည် ကြေးနီဈေးနှုန်းပေါ်တွင်တည်မှီသည်ဟုလည်း သုံးသပ်ထားပါသည်။

၇၆။ စီးပွားရေးပညာရှင်သည် ၀မ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးလိမိတက်တို့ ပြုစုထားသည့် စီမံကိန်းအဆို ပြုချက်နှင့် ကန်ထရိုက်စာချုပ်တို့ကို လေ့လာရာတွင် ထိုစာရွက်စာတမ်းနှစ်ခုစလုံးသည် အိုင်ဗင်ဟိုးကုမ္ပဏီမှ ပြုစုထားသော စာရွက်စာတမ်းများကဲ့သို့ အသေးစိတ်အချက်အလက်များ ဖော်ပြပါရှိသည်ကို မတွေ့ရှိရ ကြောင်း  တင်ပြထားပါသည်။ ၀မ်ပေါင်ကုမ္ပဏီသည် ရင်းနှီးမြှပ်နှံမှု ဒေါ်လာ ၉၉၇ သန်းရှိပြီး မတည်ငွေ ကုန်ကျစရိတ် (Capital Cost)မှာ ဒေါ်လာ ၉၁၂ သန်းရှိသည်ကို တွေ့ရှိရကြောင်း၊ အကျိုးဖြစ်ထွန်းမှုကို တွက်ချက်ရာတွင် ၀မ်ပေါင်ကုမ္ပဏီထက် မြန်မာနိုင်ငံနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်အတွက် ပိုမိုရှိမည်ဟု ပေါ်လွင်ကြောင်း၊ ထိုတွက်ချက်မှုတို့သည် ကြေးနီတစ်တန်လျှင် ဒေါ်လာ ၄၇၅၀ ဈေးနှုန်းဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သိန်းထုတ်လုပ်မှုအပေါ်တွင် အခြေခံ၍ တွက်ချက်ထားခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်အတွက် ပေးဆောင်သည့် (Royalty) မှာ ၄ ရာခိုင်နှုန်းဖြစ်ပြီး ကုန်သွယ်ခွန် (Commercial Tax) ၈ ရာခိုင်နှုန်းနှင့် ၀င်ငွေခွန် ၁၅ ရာခိုင်နှုန်းရရှိမည်ဟုလည်း ခန့်မှန်း၍ တွက်ချက်ဖော်ပြထားကြောင်းဖြင့် စီးပွားရေးပညာရှင်က တင်ပြခဲ့ပါသည်။

၇၇။ စီးပွားရေးပညာရှင်က ၀မ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်တို့ ပြုစုထားသည့် စာရွက် စာတမ်းနှစ်ခုစလုံးတွင် အသေးစိတ်ဖော်ပြချက်များမပါရှိသဖြင့် စီးပွားရေးသုံးသပ်မှုကို ပြည့်ဝစွာဆောင်ရွက် နိုင်ခြင်းမရှိကြောင်း၊ သို့ရာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ဆောင်သင့်သည့် စီမံကိန်းဖြစ်သည်ကို သံသယလုံးဝရှိစရာမလိုကြောင်း ဖြင့်လည်းတင်ပြထားပါသည်။

၇၈။ စီးပွားရေးပညာရှင်က ဤစီမံကိန်း၏ အကျိုးဖြစ်ထွန်းမှုကို တိကျစွာသိနိုင်ရန် လက်ရှိကြေးနီပေါက်ဈေး ပေါ်တွင် ထည့်သွင်းတွက်ချက်ရန်လိုကြောင်း  ထောက်ပြခဲ့ပါသည်။ ထို့အပြင်စီးပွားရေး တွက်ချေကိုက်မှု သာမက ဒေသခံလူထုအတွက်ပေးအပ်သည့် အလုပ်အကိုင်အခွင့်အလမ်းနှင့် လျော်ကြေးစသည်တို့ကိုလည်း ထည့်သွင်းလေ့လာရန်လိုကြောင်း တင်ပြခဲ့ပါသည်။ ထို့အပြင် ၀မ်ပေါင်ကုမ္ပဏီနှင့် မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်တို့ချုပ်ဆိုထားသောစာချုပ်မှာ ထုတ်လုပ်မှုမျှဝေသည့် ကန်ထရိုက် (Production Sharing Contract) စာချုပ်ဖြစ်ရာ ထွက်လာသည့်ကြေးနီအား မည်သို့မည်ပုံခွဲဝေမည် ဟူသောအချက်အလက်တို့ကို လည်း သိရှိရန်လိုမည်ဖြစ်ကြောင်း တင်ပြထားပါသည်။

၇၉။ စီးပွားရေးပညာရှင်က လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကဲ့သို့သော စီမံကိန်းကိုလေ့လာသုံးသပ်ရာ တွင် စီးပွားရေးစီစစ်ချက်တစ်ခုတည်းပေါ်တွင်သာ အခြေခံ၍မယူဘဲနိုင်ငံရေး၊ လူမှုရေးနှင့်ပတ်ဝန်းကျင်အပေါ် ထိခိုက်မှုတို့ကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်သည်ကိုလည်းတင်ပြခဲ့ပါသည်။

၈၀။ ထိုအချက်များကို ထည့်သွင်းစဉ်းစားခြင်းဖြင့် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ အောက်ပါနည်းလမ်းသုံးသွယ်ကို ရွေးချယ်နိုင်ပါကြောင်ဖြင့်လည်းတင်ပြခဲ့ပါသည်၊

(က) လက်ရှိအနေအထားအတိုင်းပင်ကြေးနီစီမံကိန်းအားဆက်လက်လုပ်ကိုင်ခွင့်ပြုရန်၊

(ခ) ကြေးနီစီမံကိန်းကိုဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲရပ်ဆိုင်းရန်၊

(ဂ) ကြေးနီစီမံကိန်းအား လက်ရှိခွင့်ပြုထားသည့် အားနည်းချက်များကို စီစစ်ကာဝမ်ပေါင်ကုမ္ပဏီနှင့်မြန်မာ့ စီးပွားရေးဦးပိုင်လီမိတက်တို့ ချုပ်ဆိုသော စာချုပ်ကိုပြင်ဆင်ပေးခြင်း၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု၊ လူမှုပတ် ဝန်းကျင်ထိခိုက်မှုတို့ကို အနည်းဆုံးဖြစ်စေရန် ပတ်ဝန်းကျင်ထိန်းသိမ်းရေးစီမံချက်တို့ကိုချမှတ်စေခြင်း၊ ဒေသခံ ပြည်သူလူထု၏ လူမှုဘဝတိုးတက်စေမည့် အခွင့်အလမ်းများဖော်ဆောင်ပေးခြင်း၊ နိုင်ငံတော် အကျိုးစီးပွား အတွက်လိုအပ်ချက်များ ဖြည့်ဆည်းပေးခြင်းစသည့်လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ပါက ကြေးနီစီမံကိန်း အားဆက်လက်လုပ်ကိုင်ခွင့်ပြုရန်။

သုံးသပ်အကြံပြုချက်များ

၈၁။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက်နိုင်ငံ တကာပြဠာန်း ချက်များ၊ ဆောင်ရွက်သည့်နည်းပညာများအသုံးပြု၍စနစ်တကျဆောင်ရွက်ခြင်းရှိ/မရှိ။

(က) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့် အညီရေးဆွဲပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာစီမံခန့်ခွဲမှုစနစ် (Environmental Management Plan-EMP) နှင့်လုပ်ငန်းခွင် ကျန်းမာရေး နှင့်ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာစီမံခန့်ခွဲမှုစနစ် (Occupatioanl Heath and Safety Assessment Syetem-OHSAS) မရှိသေးကြောင်းသုံးသပ်ရပါသည်။

(ခ) လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းအတွက် မြန်မာအိုင်ဗင်ဟိုကြေးန်ီကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited-MICCL) က ရေးသားပြုစုထားသော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှု အကဲဖြတ်ဆန်းစစ်ချက်အစီရင်ခံစားများ (Environmental Impact Assessment Reports) ဖြစ်သော-

– Feasibility-Section 17, Environmental and Social Assessment (၁၉၉၇ ခုနစ်၊ မတ်လ)

– 72E-58 Environmental Preliminary Impacts Assessment of Letpadaung Project Area (၂၀၀၄ ခုနစ်၊ ဇူလိုင်လ)

– Environmental and Social Assessment and Management Program (ME 96-056-001)- Final Draft for Letpadaung Copper Project (၁၉၉၇ ခုနစ်၊ ဖေဖော်ဝါရီလ) တို့ကိုလေ့လာသုံးသပ်ခဲ့ရာတွင် ပတ်ဝန်း ကျင်ဆိုင်ရာသက်ရောက်မှုများ ယေဘုယျအားဖြင့်ခန့်မှန်းထားပြီး ကျယ်ကျယ်ပြန့်ပြန့် အကဲဖြတ်ဆန်းစစ် ထားခြင်းမတွေ့ရကြောင်း၊ မည်သည့်နည်းစနစ်များကိုအသုံးပြု၍ အကျိုးသက်ရောက်မှုကို ခန့်မှန်းတွက်ချက် ထားသည်ကိုလည်း တိတိကျကျဖော်ပြထားခြင်းမတွေ့ကြောင်း၊ အကျိုးသက်ရောက်မှုတစ်ခုချင်းစီ၏ ဝိသေသ လက္ခဏာတိတိကျကျဖော်ပြထားခြင်းမရှိကြောင်း၊ ကြေးနီစီမံကိန်း၏ အကြိုကာလ၊ တည်ဆောက်ရေးကာလ၊ လည်ပတ်ရေးကာလ၊ မိုင်းပိတ်သိမ်းရေးကာလများ အလိုက်အပိုင်းခွဲခြားကာ သက်ရောက်မှုများကို ဆန်းစစ်ခြင်း ပြုလုပ်ထားမှုမရှိကြောင်း၊ လူမှုစီးပွားရေးဆိုင်ရာ သက်ရောက်မှု အကဲဖြတ်စီစစ်မှုကိုလည်း စာမျက်နှာ ၂၆ မျက်နှာခန့်ဖြင့် ယေဘုယျသဘောရေးသားပြုစုထားသည်ကိုလည်း တွေ့ရပြီး စနစ်တကျအချက်အလက်များကို ကောက်ယူကာ အကဲဖြတ်ဆန်းစစ်ထားခြင်းမျိုးမရှိကြောင်း၊ အထက်ပါအစီရင်ခံစာများကို ကြေးနီစီမံကိန်း ကြောင့် ထိခိုက်နိုင်ဖွယ်ရှိသောဒေသခံပြည်သူများ၊ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၊ စီမံကိန်းကို စိတ်ဝင်စားသူများထံသို့ဖြန့်ဝေကာ တိုင်ပင်ဆွေးနွေးခြင်း၊ သဘောထားအမြင်များတောင်းခံခြင်း၊ အကြံပြုချက် များ ရယူခြင်းတို့ကိုပြုလုပ်ခဲ့သည့်ထောက်အထားများမတွေ့ရှိကြောင်း၊ အစီရင်ခံစာများတွင် ဤအဓိက ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ(၁၉၉၇) သည် ကနဦးအစီရင်ခံစာ ဖြစ်သည်ဟု ရေးသားဖော်ပြထားကြောင်း သုံးသပ်ရပါသည်။

(ဂ) မြန်မာ-အိုင်ဗင်ဟိုကြေးနီကုမ္ပဏီလီမိတက် (Myanmar Ivanhoe Copper Company Limited-MICCL) လက်ထက်က ပြုစုခဲ့သော အထက်ဖော်ပြပါ အစီရင်ခံစာများသည် ၁၉၉၆ ခုနှစ်တွင် အချက်အလက်များကောက်ယူကာ ၁၉၉၇ ခုနှစ်တွင် ပြုစုခဲ့ခြင်းကြောင့် မျက်မှောက်ကာလတွင် လက်ပံတောင်းတောင်နှင့် အနီးဝန်းကျင်ဒေသတဝိုက်၏ လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို ထင်ဟပ်နိုင်စွမ်းမရှိကြောင်း၊ ကနဦးအစီရင်ခံစာဖြစ်သည့်အားလျော်စွာ စီမံကိန်းတစ်ခုလုံး၏အစ၊ အလယ်နှင့် အဆုံး၌ ဖြစ်ပေါ်လာနိုင်သော ကောင်းကျိုးဆိုးကျိုးများကို အကဲဖြတ်ဆန်းစစ်မှုတွင် လိုအပ်ချက်များ ရှိနေ ကြောင်း၊ လွန်ခဲ့သည့် ၁၆ နှစ်ကပြုစုခဲ့ခြင်းကြောင့် ကမ္ဘာဘဏ် (World Bank) ၏ စံချိန်စံညွှန်း များနှင့်လည်းကောင်း၊ လက်ရှိပတ်ဝန်းကျင်ဆိုင်ရာ နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်လည်း ကောင်း ကိုက်ညီမှုမရှိနိုင်တော့ကြောင်း သုံးသပ်ရပါသည်။

(ဃ) လူမှုစီးပွားဆိုင်ရာသက်ရောက်မှု အကဲဖြတ်ဆန်းစစ်ခြင်းနှင့် သက်ဆိုင်သော အခန်းကဏ္ဍမှာလည်း အားနည်းချက်များစွာရှိပြီး စနစ်တကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်အကဲဖြတ်ထားခြင်းမရှိကြောင်း၊ ဘာသာ ရေးနှင့် ယဉ်ကျေးမှုအမွေအနစ်ဆိုင်ရာ အကဲဖြတ်မှုအပိုင်းကဏ္ဍကိုလည်း ပြည့်ပြည့်စုံစုံ လေ့လာ တင်ပြထား ခြင်းမရှိကြောင်း သုံးသပ်ရပါသည်။

(င) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဝန်းကျင်ထိန်းသိမ်းခြင်းအတွက် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့်နည်းပညာများကို သုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း မရှိကြောင်း သို့မဟုတ် လွန်စွာအားနည်းလျက်ရှိကြောင်း သုံးသပ်တွေ့ရှိရပါသည်။ မြန်မာ-အိုင်ဗင်ဟိုကြေးနီ ကုမ္ပဏီလီမိတက် လက်ထက်ကစတင်ပြုစုခဲ့ပြီး မြန်မာ-ဝမ်ပေါင်ကုမ္ပဏီက ဆက်လက်အသုံးပြုနေသော ပတ်ဝန်းကျင်ဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ချက် အစီရင်ခံစာများသည် လက်ရှိလက်ပံတောင်း တောင်ကြေးနီစီမံကိန်းသည် အသုံးပြုရန် အားနည်းချက်များ ရှိနေပါသောကြောင့် ပိုမိုပြည့်စုံပြီး နိုင်ငံ တကာပြဋ္ဌာန်းချက်များ စံချိန်စံညွှန်းများကို ထင်ဟပ်စေနိုင်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and Social Impact Assessment-ESIA) အသစ်ပြုစုဆောင်ရွက်ရန်လိုအပ်ကြောင်း အကြံပြုအပ်ပါသည်။

(စ) ထို့အပြင်စီမံခန့်ခွဲမှုစနစ်များနှင့် စပ်လျဉ်း၍ ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Environmental Management Plan-EMP) နှင့် လုပ်ငန်းခွင်ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Assessment System-OHSAS) များကို နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ စနစ်တကျရေးဆွဲကာ စီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။ ဤကဲ့သို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နိုင်ငံတကာ အသိအမှတ်ပြုလက် မှတ်များ ရရှိထားသော အတွေ့အကြုံရင့်ကျက်သည့် ပြည်တွင်းပြည်ပ အကြံပေးပညာရှင်များ၊ ကျွမ်းကျင်သူများ ကို ငှားရမ်းကာ ဆောင်ရွက်သင့်ကြောင်းအကြံပြုအပ်ပါသည်။

လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင်အပေါ် ကောင်းကျိုးနှင့်ဆိုးကျိုးသက်ရောက်မှု။

၈၂။ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေအတွင်းတွင် နောင်အနာဂါတ်ကာလ၌ ဖြစ်ပေါ် လာနိုင်သော သဘာဝနျင့် လူမှုပတ်ဝန်းကျင်ဆိုင်ရာအခြေအနေများအား အတိတ်နှင့်ပစ္စုပ္ပန်ကာလတွင်ဆောင် ရွက်ခဲ့၊ ဆောင်ရွက်ဆဲဖြစ်သော စံပယ်တောင်၊ စံပယ်တောင်(တောင်)၊ ကြေးစင်တောင်ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေရှိ လုပ်ငန်းဆောင်တာများ၊ လုပ်ငန်းခွင်အခြေအနေများ၊ သဘာဝနှင့်လူမှုပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများအား အကိုးအကားပြုကာ စူးစမ်းလေ့လာမှုများကို ဆောင်ရွက်ခဲ့ကြပါသည်-

(က) သဘာဝပတ်ဝန်းကျင် (ဇီဝထု၊ မြေထု၊ ရေထု၊ လေထူ) အခြေအနေ

(၁)လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေနှင့် အနီးဝန်းကျင်ဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးနည်းခြောက်သွေ့ရပ်ဝန်း (Dry Zone) တွင် တည်ရှိသဖြင့် သန်း-ဒဟတ်တောနှင့် ဆူးချုံတော စသည့် ခြောက်သွေ့တောများ ပေါက်ရောက်ပြီး အပင်မျိုးစုံ ၄၉ စု၊ မျိုးစိတ် ၁၀၇ မျိုးနှင့် မျိုးရင် ၁၃၄ ခု တွေ့ရှိရသည်။ တမာ၊ တပေါက်နျင့် ရှောက်ရိုင်းပင် အများဆုံးပေါက်ရောက်သည်။ ဤဒေသသည် မျက်မှောက်ခေတ် နိုင်ငံတကာ စံချိန်စံညွှန်းများအရ အရေးကြီးသော (သို့) တားမြစ်ထားသော (သို့) မျိုးသုဉ်းလုဖြစ်နေသော အပင်အမျိုးအစားမရှိကြောင်း သုံးသပ်ရပါသည်။

(၂) ဤဒေသတွင် သက်ရှိသတ္တဝါများအနက် ငှက်မျိုးစု ၁၁ စုမှ မျိုးစိတ် ၁၈ မျိုးကို တွေ့ရသော်လည်း အရေးကြီးသောမျိုးစိတ်များကိုမှု မတွေ့ရကြောင်း၊ နို့တိုက်သတ္တဝါ ၃ မျိုးဖြစ်သည့် မြန်မာမျိုးကွဲယုန်၊ ချေ နှင့် ရွှေသမင်တို့ကိုလည်း တွေ့ရှိရပြီး ရွှေသမင်သည် ရှားပါးမျိုးစိတ်ဖြစ်ကြောင်း၊ တွားသွားသတ္တဝါ ၅  မျိုး၊ ကုန်းနေ၊ ရေနေသတ္တဝါများနှင့် လိပ်ပြာ ၁၂ မျိုးရှိကြောင်း သုံးသပ်ရပါသည်။

(၃) ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေတွင် လွန်တွင်းတူးခြင်း၊ မိုင်းခွဲခြင်း၊ တူးဖော်ထုတ်လုပ်ခြင်း၊ ကျောက်ခြေမွခြင်း၊ ဆန်ကာတိုက်ခြင်း၊ အက်စစ်ဖျော်ထုတ်ခြင်း၊ သတ္တုသန့်စင်ခြင်း၊ ကြေးရည်ဖျော်ထုတ်ခြင်း၊ လျှပ်စစ်ဖြင့် ကြေးရယူခြင်း စသည့်လုပ်ငန်းများ၊ စွန့်ပစ် ပစ္စည်းများနှင့်ဖုန်မှုန့်များသည် သဘာဝပတ်ဝန်းကျင်နှင့် လူမှုဘဝထိခိုက်မှုများ၊ ဇီဝဝန်းကျင်ဆိုင်ရာ ထိခိုက်မှုများကို ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ရပါသည်။

(၄) ခြောက်သွေ့တော (Dry Forest) များ၏ ဂေဟစနစ်ထိခိုက်မှုကို လျော့နည်းစေရန် ကြေးနီသတ္တတွင်းစီမံကိန်းနည်မြေဝန်းကျင်၊ လမ်းဘေးဝဲယာ တစ်ဖက်တစ်ချက်နျင့် စွန့်ပစ်မြေစာပုံများတွင် သစ်ပင်များကို အစားထိုးစိုက်ပျိုးသင့်ကြောင်းနှင့် ယင်းသစ်ပင်များကြီးထွားမှုကို အစဉ်စောင့်ကြည့်ခြင်းဖြင့် ထိန်းသိမ်းစောင့်ရှောက်မှုပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။ ရှားပါးဇီဝမျိုးစိတ်များ ထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ အပင်ပိုင်းတွင် ရှားပါးအပင်(သို့)ကာကွယ်စောင့်ရှောက်သင့်သော အမျိုးအစားမတွေ့ရဟု သုံးသပ်ရပါသည်။ မြန်မာနိုင်ငံအတွင်းတွင်သာ တွေ့ရသည့်ငှက် ၂ မျိုးဖြစ်သော White-throated Babbler Turdoides gularis နှင့် Burmese Bushlark Mirafra microptera တို့ကို တွေ့ရှိရပြီး ယင်းတို့သည် ရွှေ့ပြောင်းသွားလာနိုင်သောသတ္တဝါ အမျိုးအစားဖြစ်သောကြောင့် အနီးပတ်ဝန်းကျင်ရှိ အလားတူတော တောင်များရှိရာသို့ ရွှေ့ပြောင်းနေထိုင်နိုင်သည်ဟု သုံးသပ်ရပါသည်။

(၅) ဤဒေသတွင် ရံဖန်ရံခါတွေ့ရှိရသော ရွှေသမင် (Eld’s deer Cervus eldii thamin)သည် ကာကွယ်စောင့်ရှောက်သင့်သော အရေးကြီးနို့တိုက်သတ္တဝါဖြစ်ပြီး အနီးဝန်းကျင်ရှိ တောတောင်များအား ထိန်းသိမ်းခြင်းဖြင့် ရွှေသမင်များကျင်လည် စားသောက်ရန် နေရာသစ်များကို ဖန်တီးပေးသင့်သည်ဟု သုံးသပ်ရပါသည်။

(၆) စံပယ်တောင်နှင့်ကြေးစင်တောင် ကြေးနီသတ္တုတွင်းဒေသ၏ အနီးဝန်းကျင်ရှိ ခမောက်တောင်၊ ကြားတွင်းတောင်၊ နှင်းဆီတောင်နှင့် ဝန်းကျင်ရှိတောများတွင်လည်းကောင်း၊ လက်ပံတောင်းတောင်ဝန်ကျင်ရှိ လိပ်ခွံတောင်၊ နတ်ချစ်တောင်၊ မြေပြင်သာတောင်တို့တွင် လည်းကောင်း ရွှေသမင်ကဲ့သို့ ရှားပါးတိရစ္ဆာန် များခိုအောင်းနားနေနိုင်စေရန်အတွက် သစ်ပင်များကို ထပ်မံစိုက်ပျိုး၍ ထိန်းသိမ်းပေးသင့်သည် ဟု အကြံပြု အပ်ပါသည်။ ကြေးနီစီမံကိန်းနယ်မြေနှင့် ဆက်စပ်လျက်ရှိသော ဒေသတွင်းရှိ ဖိုဝင်းတောင်ကဲ့သို့သော သစ်တော ဒေသများကိုလည်း စနစ်တကျ ကာကွာထိန်းသိမ်းစောင့်ရှောက်ပေးသင့် သည်ဟုအကြံပြုအပ် ပါသည်။ ယင်းသို့ထိန်းသိမ်းခြင်းနှင့်အတူ ကြားခံသစ်တောဒေသများကိုလည်း တစ်ပြိုင်နက်တည်း ဖန်တီး၍ ဒေသခံပြည်သူလူထုအတွက် သစ်တောထွက်ပစ္စည်းများ ထုတ်ယူအသုံးပြုနိုင်အောင် စီစဉ်ပေးသင့်သည်ဟု အကြံပြုအပ်ပါသည်။ အဆိုပါသစ်တောများအားလုံးသည် ကြေးနီသတ္တုတွင်းကြောင့် ပျက်စီးဖွယ်ရှိသော ရေဝေရေလဲဒေသများအတွက် အစားထိုးနေရာများကို ဖြစ်ပေါ်စေနိုင်မည်ဟုလည်း အာကြံပြုအပ်ပါသည်။

(၇) ရေစီမံခန့်ခွဲမှု (Water Management)နှင့်ပတ်သက်၍ အများသုံးရေချိုကို ကြေးနီစီမံကိန်းက ရယူသုံးစွဲထားသဖြင့် သတ္တုသန့်စင်မှုနှင့် စွန့်ပစ်ပစ္စည်းများကြောင့် ရေညစ်ညမ်းခြင်း (Water Pollution) ဖြစ်ပေါ်နိုင်သည်ဟု သုံးသပ်ရပါသည်။ ထိုအပြင် လုံလောက်သော ကြိုတင်ကာကွယ်မှုများ ပြုလုပ်နိုင်ခြင်းမရှိခဲ့လျှင် ရုတ်ချည်းရေလျှံခြင်း(ဝါ) လျှပ်တစ်ပြက် ရေကြီးခြင်း (Flash Flood) ဖြစ်ပေါ်လာပါက စွန့်ပစ်ရေ သို့မဟုတ် သတ္တု / အက်စစ်ပါဝင်သော ညစ်ညမ်းသည့်ရေများ လျှံထွက်ကာ ချင်းတွင်းမြစ်နှင့် ချောင်းလက်တက်များသာမက မြေအောက်ရေအောင်းလွှာများ(Aquifer)ကိုလည်း ထိခိုက်ညစ်ညမ်းစေခြင်းများ ဖြစ်ပေါ်စေနိုင်သည်ဟု သုံးသပ်ရပါသည်။ မြေအောက်ရေနှင့် စပ်လျဉ်း၍ လက်ပံတောင်းတောင်ဒေသ၏ အဓိကမြေအောက်ရေလွှာမှာ ကံကုန်းကျောက်လွှာနှင့် ပေါ်ယံနုန်းလွှာတို့ဖြစ်ကြသည်။ ကံကုန်းကျောက်လွှာ သည် အနီးဝန်းကျင်ရှိ မြစ်ချောင်းများအပေါ် မှီခိုနေောကာင်း သိရှိရပါသည်။

(၈) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေနှင့် အနီးဝန်းကျင်ဒေသမှ ကောက်ယူစုဆောင်းခဲ့သော မြေအောက်ရေနမူနာ ၁၀ ခုနှင့် မျက်နှာပြင်ရေနမူနာ (Surface Water) (ကန်ရေ / မြစ်ချောင်းရေ) ၅ ခုအား ဓာတ်ခွဲစမ်းသပ်ချက်ရလဒ်များအပေါ် အကဲဖြတ်ချက်များအရ မြေအောက်ရေတွင် စီမံကိန်းနည်မြေ ပြင်ပရှိ တွင်းများထက်လည်းကောင်း၊ မြစ်ရေချောင်းရေများထက်လည်းကောင်း အက်စစ် ဓာတ်ပိုမိုများနေခြင်း၊ စုစုပေါင်းပျော်ဝင်နေသည့် သတ္တုပမာဏသည် စံပယ်တောင်နှင့် ကြေးစင်တောင် စီမံကိန်း တောင်ဘက်ရှိ တွင်းများတွင် ပိုမိုများပြားနေခြင်း၊ ကော်လီဖောမ်းဗက်တီးရီးယား များသည် ယမားချောင်း အောက်ပိုင်းရှိ ချောင်းရေတွင် စီမံကိန်းနယ်မြေမတိုင်မီ မြစ်ညှာပိုင်းထက် ပိုမိုများပြားနေခြင်း၊ ပြဒါးနှင့် သံဓာတ်ပါဝင်မှုသည် အချို့နေရာများတွင် အထူးသဖြင့် ကြေးစင်တောင်သတ္တုတွင်း၊ သတ္တုသန့်စင် သည့်လုပ်ငန်း၏ ရေနုတ်မြောင်း၊ ယမားချောင်းနှင့် ချင်းတွင်းမြစ်များတွင် နိုင်ငံတကာစံနှုန်းပမာဏမှ သွေဖည် နေကြောင်း တွေ့ရှိရပါသည်။ သို့သော် အဆိုပါရေနှင့်မြေဆီလွှာ ပြောင်းလဲထိခိုက်မှုများသည် လက်ရှိကြေးနီ စီမံကိန်းများကြောင့် ဖြစ်သည်ဟု တိုက်ရိုက်မပြောနိုင်သေးကြောင်း သုံးသပ်ရပါသည်။

(၉) မြေအောက်ရေများတွင် အက်စစ်ဓါတ် ပိုမိုများပြားနေခြင်းသည် ကြေးနီသတ္တုတွင်း စီမံကိန်းနယ်မြေအတွင်း အကြောင်းတစ်ခုခုကြောင့် အက်စစ်ဖြင့် ကြေးဖျော်ထုတ်လုပ်မှုလုပ်ငန်းစဉ် (Acid Leaching process)မှ ဖြစ်နိုင်သော်လည်း အဆိုပါလုပ်ငန်းနှင့်ဆက်စပ်ခြင်းမရှိဘဲ သီးခြားတည်ရှိနေသော လက်ပံတောင်းတောင်၏ တောင်ဘက်နှင့်အနောက်ဘက်ကျေးရွာများရှိ ရေတွင်းများတွင်ပါ အလားတူအရည်အသွေးမျိုးကို တွေ့ရခြင်း ကြောင့် အထက်ပါအတိုင်း သုံးသပ်ရခြင်းဖြစ်ပါသည်။

(၁၀) ပြဒါးနှင့် သံဓာတ်ပါဝင်မှုနှင့် စပ်လျဉ်း၍ လက်ရှိကြေးနီစီမံကိန်းလုပ်ငန်းစဉ်များနှင့်လည်းကောင်း၊ ယင်းကအသုံးပြုသည့် ဓါတ်ပြုပစ္စည်းများနှင့်လည်းကောင်း တိုက်ရိုက်ဆက်စပ်မှုရှိကြောင်း မတွေ့ရပါ။ မြစ် ချောင်းအနည်များတွင် သံဓာတ်များနေခြင်းကြောင့်လည်း ဖြစ်နိုင်ခြေရှိသည်ဟု သုံးသပ်ရပါသည်။ စံပယ် တောင်နှင့် ကြေးစင်တောင် ကြေးနီစီမံကိန်း၏ မြောက်ဘက်တွင်ရှိသော ယမားချောင်းနှင့် ချင်းတွင်းမြစ်တစ် လျှောက် ကြေးနီစီမံကိန်းနည်မြေအနီးတစ်ဝိုက်တွင် ဗက်တီးရီးယားပါဝင်မှုများနေခြင်းသည် ရေထုညစ ညမ်းမှုရှိနေပြီဖြစ်ကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် လက်ရှိဆောင်ရွက်နေသော စံပယ်တောင်နှင့် ကြေးစင်တောင်သတ္တုသန့်စင်မှုတွင်လည်းကောင်း၊ လက်ပံတောင်းတောင်တွင် သတ္တုသန့်စင်သည့် လုပ်ငန်း ဖြစ်လာသည့်အခါတွင်လည်းကောင်း၊ ရေဆိုးထုတ်မှုနှင့် အက်စစ်ဖျော်နည်းစဉ်မှ မြေအောက်ရေ အောင်းလွှာသို့ စိမ့်ဝင်နိုင်မှုကို ယခုရှိပြီးဖြစ်သည့် စီမံချက်များထက် ပိုမိုမြင့်မားသော နည်းလမ်း များဖြင့် ကာကွယ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၁၁)  ရေအရင်းအမြစ် စီမံခန့်ခွဲမှုနှင့် စပ်လျဉ်း၍ ကြေးနီစီမံကိန်းနည်မြေဒေသတွင် ဝန်းကျင်ရှိကြေးရွာများ မှီခိုအားထားနေရသည့် ဖောင်းတကာဆည်၊ ကျောက်ဖြူတိုင်တမံနှင့် မိုးကြိုးပြင်တမံတို့ကို တွေ့ရှိရပြီး ယင်းတို့ကို ရေရှည်အတွက် စနစ်တကျထိန်းသိမ်းခြင်း၊ ပိုမိုကောင်းမွန်သန့်စင်အောင် ဆောင်ရွက်ပေးခြင်း တို့သည် စီမံကိန်းတစ်ခု၏ တာဝန်ဖြစ်သည်ဟု သုံးသပ်ရပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း စီမံကိန်းကို ပိုမိုလုပ်ဆောင်လာသည်နှင့်အမျှ မြေအောက်ရေနှင့် မျက်နှာပြင်ဆင်းရေတို့သည် ဟင်းလင်း ပွင့်တွင်းကြီး (Open Pit)ဘက်သို့ စီးဝင်သွားပါက အထက်ဖော်ပြပါ ရေလှောင်ကန်နှင့် ဆည်တမံများတွင် သိသာသောထိခိုက်မှုများ ဖြစ်လာလိမ့်မည်ဟု သုံးသပ်ရပါသည်။ (အလားတူ ဖြစ်စဉ်မျိုးကို စံပယ်တောင်နှင့် ကြေးစင်တောင်ဘက်တွင် ကြုံတွေ့နေရပြီး ဖြစ်ပါသည်။)

(၁၂) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် နောင်တွင် ချင်းတွင်းမြစ်မှ ရေပမာဏများစွာကို ထုတ်ယူအသုံးပြုမည်ဖြစ်ပါသည်။ ဟင်းလင်းပွင့်တူးဖော်ခြင်း (Open Pit Mining)ကြောင့် မြေအောက်ရေပြင် (Water Table)ထက် ပိုမိုနိမ့်သောအနက်သို့ရောက်ရှိသည့်အခါ မြေအောက်ရေများသည် သတ္တုတွင်းကျင်းကြီး အတွင်းသို့ စီးဝင်လာမည်ဖြစ်ပါသည်။ အဆိုပါရေများကို ကောင်းစွာသန့်စင်၍ ပတ်ဝန်းကျင်ရှိ စိုက်ပျိုးမြေများ အတွက် အသုံးပြုသင့်ပါသည်။ ၎င်းးရေများကို ပုံမှန်စစ်ဆေးခြင်းဖြင့် ပတ်ဝန်းကျင်ထိခိုက်နိုင်ခြေကို လျော့နည်းသက်သာစေမည်ဖြစ်ကြောင်း သုံးသပ်ရပါသည်။

(၁၃) မြေဆီလွှာထိန်းသိမ်းခြင်းနှင့် စပ်လျဉ်း၍ လက်ပတောင်းတောင်တွင် စတင်တူးဖော်နေပြီဖြစ်သော်လည်း အပေါ်ယံမြေဆီလွှာများကို စနစ်တကျထိန်းသိမ်းခြင်းမျိုးကိုမှု မတွေ့ရှိရပါ။ မူလလယ်ယာမြေများပေါ်တွင် မြေစာများပုံထားပြီး ဖြစ်သော်လည်း ထိုသို့မပုံမီ အောက်ရှိ မြေဆီလွှာကို ဖယ်ရှားထိန်းသိမ်းထားခြင်း မရှိကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်မရှိကြောင်း၊ ကျင့်သုံးမှုအားနည်းကြောင်း သုံးသပ်ရပါသည်။

(၁၄) မြေဆီလွှာတိုက်စားမှုကို ထိန်းသိမ်းရန်အတွက် တူးဖော်ပြီးသွားသော နေရာများနှင့် မြေစာပုံများကို မြေဆီလွှာဖုံးအုပ်ကာ သစ်ပင်များ စိုက်ပျိုးရမည်ဖြစ်ပါသည်။ တနည်းအားဖြင့် သဘာဝအတိုင်းရှိနေသော တောင်များ မြေပြင်များကို သတ္တုရိုင်းရယူရန်အတွက် တူးဖော်သည့်အချိန်နှင့် လယ်ယာမြေရိုင်းများတွင် မြေစာများပုံသည့်အချိန်တွင် ပေါ်ယံမြေဆီလွှာ (Top Soil) ကိုစနစ်တကျထိန်းသိမ်းထားပြီး အနာဂတ်တွင် သစ်ပင်များ စိုက်ပျိုးနိုင်ရေးအတွက် အဆင်သင့်ဖြစ်စေသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၁၅) အကယ်၍ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်ဆောင်ရွက်မည်ဆိုလျှင် အခြား ရွေးချယ်နိုင်စရာ နည်းလမ်းများကို ဆန်းစစ်ကြည့်သောအခါ သဘာဝရှုခင်း၊  မြင်ကွင်းများ၏ (Aesthetic Value) ပျောက်ကွယ်မသွားစေရန်နှင့် အက်စစ်မှုန်များ၊ ဖုန်မှုန်များ၊ ဖုန်မှုန်များနှင့် အသံဆူညံမှုများကြောင့် ပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသွားစေရန်အတွက် တစ်စိတ်တစ်ပိုင်းဟင်းလင်းပွင့် (Semi-Open Pit) နည်းလမ်းကိုကျင့်သုံး၍ သတ္တုတူးဖော်သင့်ပါသည်။ တစ်နည်းအားဖြင့် လက်ပံတောင်းတောင်၏ ကြေးနီမထွက် သော အနားစပ်ရှိ အချို့အစိတ်အပိုင်းများ (Periphery) ကို ချန်လှပ်၍ ကြေးနီတူးဖော်သည့် လုပ်ငန်းကို ဆောင်ရွက်သင့်သည်ဟု အကြံပြုအပ်ပါသည်။

(၁၆) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကြောင့် ယနေ့အထိ သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးမှုကြီးမား စွာဖြစ်ပေါ်ခြင်းမရှိသေးပါ။ သို့ရာတွင် ကြေးစင်တောင်နှင့် စံပယ်တောင်ကြေးနီစီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင်နှင့် လူနေမှုဘဝကို ထိခိုက်မှုအတန်အသင့်ရှိနေပြီဖြစ်ကြောင်း သိရှိရပါသည်။

(၁၇) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ရှိသင့်ပြီးသော မြေဆီလွှာထိန်းသိမ်းမှုစနစ် ရေ အရင်းအမြစ် စီမံခန့်ခွဲမှုစနစ်နှင့် ဇီဝဝန်းကျင် စီမံခန့်ခွဲမှုစနစ်များအား ရေရှည်ဖြစ်ပေါ်စေမှုနှင့် စနစ်တကျ ကျင့်သုံးနေမှု များကို မတွေ့ရှိကြောင်း သုံးသပ်ရပါသည်။

(၁၈) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကို ဆက်လက်အကောင်အထည်မဖော်မီ သတ္တုတူးဖော်ရေး လုပ်ငန်း ကြီးတိုင်း၏ မရှိမဖြစ်လုပ်ဆောင်အကောင်အထည်ဖော်သင့်သော လုပ်ငန်းများဖြစ်သည့် ပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုများကို အသေးစိတ်လေ့လာဆန်းစစ်ခြင်း(Environmental Impact Assessment)၊ ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ် (Environmental Management Plan-EMP) တည်ဆောက်ခြင်း နှင့် တိကျစွာလိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၁၉) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေ (Project Site) နှင့်အနီးဝန်းကျင်ဒေသ (likely affected area) တွင် လေထုအရည်အသွေးနှင့် စပ်လျဉ်းသည့် လက်တွေ့ကွင်းဆင်းလေ့လာ တိုင်းတာမှုမှ ရရှိသည့် ရလဒ်များပေါ်တွင် အခြေပြု၍ သုံးသပ်ရာ ရွေးချယ်ထားသောနေရာ ၃ နေရာစလုံး၌ လေအမှုန်အမွှားများ (Total Suspended Particulate Matters: TSMP, PM10, PM-5) ပါဝင်မှုမှာ (WHO)နှင့် (USEPA)တို့ သတ်မှတ်ထားသော လေထုစံချိန်စံညွှန်းထက်နှစ်ဆခန့် ပိုမိုများပြားလျက်ရှိကြောင်း၊ လေအမှုန်အမွှားပါဝင်မှုမှာ ကံကုန်းကျေးရွာတွင် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေနှင့် ရွာသစ်ကျေးရွာတို့မှာထက် နှစ်ဆခန့် များပြားနေကြောင်း၊ ကံကုန်းကျေးရွာ၌ လူနေထိုင်မှုနှင့် လုပ်ငန်းလုပ်ကိုင်မှု ပိုမိုများပြားလာခြင်းနှင့် အနီးဝန်းကျင်ရှိ စံပယ်တောင် သတ္တုတွင်းလုပ်ငန်းခွင်မှ ပျံ့နှံ့လာသော လေထု၏ အကျိုးသက်ရောက်မှုများ ကြောင့် ဖြစ်နိုင်ကြောင်း သုံးသပ်ရပါသည်။ လေထုအတွင်း အန္တရာယ်ဖြစ်စေနိုင်သော ဓာတ်ငွေ့ (Sulphur Dioxide-SO2, Nitrogen Dioxide-NO2, Volatile Organic Compound-VOC, Carbon Dioxide-CO2) ပါဝင်မှုမှာ အန္တရာယ်ဖြစ်စေနိုင်သော ပမာဏမရှိကြောင်း သုံးသပ်ရပါသည်။

(၂၀) လေထုအရည်အသွေးတိုင်းတာမှု (Existing Baseline Air Quality Monitoring)ကို လက်ပံတောင်း တောင် ကြေးနီစီမံကိန်း မစတင်မီ ပြုလုပ်သင့်ကြောင်း၊ ပုံမှန်လေထုအရည်အသွေးတိုင်းတာမှုကို စီမံကိန်းနေရာ နှင့် အနီးဝန်းကျင်နေရာများ၌ လုပ်ငန်းလုပ်ကိုင်နေစဉ်ကာလ (Operation Phase) တွင်လည်း ပြုလုပ်သင့် ကြောင်း၊ ရရှိလာသောရလဒ်များအပေါ် မှုတည်၍ လေထုအရည်အသွေးကို ထိုခိုက်စေနိုင်သော လုပ်ငန်းများ အား သတ်မှတ်ထားသော လေထုအရည်အသွေးထိခိုက်မှုကို ကာကွယ်သည့်နည်းလမ်းများ (Mitigation Measures) ဖြင့် လေထုအရည်အသွေးကောင်းမွန်လာစေရန် ကာကွယ်ခြင်း (Air Quality Control)ပြုလုပ်သင့် ကြောင်း၊ ကြေးနီစီမံကိန်းလုပ်ငန်းခွင်အနီးဝန်းကျင်ရှိ ဒေသခံပြည်သူလူထု၏ ကျန်းမာရေးစစ်ဆေးချက်များ၊ မှတ်တမ်းများ (Medical Record) လည်း ထားရှိသင့်ကြောင်း၊ ကြေးနီစီမံကိန်းလုပ်ငန်းခွင်နှင့် နီးကပ်စွာ တည်ရှိနေသည့်နေရာများ၊ အထူးသဖြင့် ကံကုန်းကျေးရွာရှိ အက်စစ်စက်ရုံနှင့်နီးသော စာသင်ကျောင်းဝန်းကျင် နေရာတွင် အက်စစ်အမှုန် (acid dust)များ ပါဝင်မှုကို တိုင်းတာသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၁) ပတ်ဝန်းကျင် သိပံ္ပနှင့် အင်ဂျင်နီယာ (Environmental Science and Engineering) ရှုထောင့်မှ လေ့လာသုံးသပ်အကြံပြုရသော် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းလုပ်ငန်းနှင့် စပ်လျဉ်း၍ ချင်းတွင်းမြစ်မှ စုပ်တင်သော နေ့စဉ်သုံးရေပမာဏ စုစုပေါင်း၏ ၇၆ ရာခိုင်နှုန်းအား ဖြုန်းကျောက် ကြိတ်ခွဲခြင်းလုပ်ငန်းနှင့် အက်စစ်ဖျန်းခြင်းလုပ်ငန်းများတွင် အသုံးပြုရန် ရည်ရွယ်ထားကြောင်း သိရှိရပါသည်။ ဟင်းလင်းပွင့်မိုင်းနံရံမှ စိမ့်ဝင်စီးဆင်းလာမည့် မြေအောက်ရေကို သင့်တော်သည့် ရေသန့်စင်မှုနည်းပညာကို အသုံးပြု၍ ပြန်လည် သုံးစွဲပါက လိုအပ်သော နေ့စဉ်သုံးရေပမာဏ၏ ၆၀ ရာခိုင်နှုန်းခန့်အထိ အစားထိုးသုံးစွဲနိုင်မည်ဖြစ်ကြောင်း၊ ထိုသို့သော ရေစီမံခန့်ခွဲမှုမှာ ကောင်းမွန်သောနိုင်ငံတကာ အလေ့အကျင့်ဖြစ်ပြီး ချင်းတွင်းမြစ်မှ ရေချိုဆုံးရှုံးမှု အား ကာကွယ်ခြင်းလည်း ဖြစ်သကဲ့သို့ ရေရှည်တွင်လည်း အကျိုးခံစားရမည်ဖြစ်ကြောင်း အကြံပြုအပ်ပါသည်။

(၂၂) စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန် (Waste Water Pond)၏ တည်ဆောက်မှုလျာထားချက်နှင့် စပ်လျဉ်း၍ နှစ်ပေါင်း ၁၀၀ အတွင်း မြစ်ရေလွှမ်းနိုင်မှုအခြေအနေအားလည်းကောင်း၊ နှစ်ပေါင်း ၂၀ အတွင်း အမြင့်ဆုံးမိုးရေချိန်လက်မအား (Mineral Exploration Design Book) စာအုပ်ကို ကိုးကား၍လည်းကောင်း တွက်ချက်ထားကြောင်းသိရှိရပါသည်။ စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန်အား နှစ် ၂၀ အတွင်း အမြင့်ဆုံးမိုးရေချိန် လက်မအပေါ် အခြေခံတည်ဆောက်မည်ဆိုပါက ရာနှုန်းပြည့်သတ္တုတွင်းလုပ်ငန်း  လည်ပတ်ချိန်၌ မုန်တိုင်းဝင်ရောက်လေ့ရှိသော မိုးရာသီအတွင်း စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်းကို အမြင့်ဆုံးသိုလှောင်နိုင်စွမ်း၏ ၅၀ ရာခိုင်နှုန်းထက် မကျော်လွန်သင့်ပါ။ သို့သော် နှစ် ၁၀၀ အတွင်း အမြင့်ဆုံးမိုးရွာသွန်းခဲ့ပါက ထိုအချိန်လက်ခံသိုလှောင်မှုမှာ အမြင့်ဆုံးသိုလှောင်နိုင်စွမ်း၏ ၅၀ ရာခိုင်နှုန်းသာရှိခဲ့ပါလျှင် ဆက်လက်ထိန်း သိမ်းသိုလှောင်နိုင်စွမ်းရှိတော့မည်မဟုတ်ဟု သုံးသပ်ရပါသည်။

(၂၃) စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန်၏ ကြမ်းခင်းတည်ဆောက်ဖွဲ့စည်းမှုမှာ ရေချိုမဟုတ်သော စွန့်ပစ်ရေကို သိုလှောင်သိမ်းဆည်းရန်အတွက် သင့်တော်မှုမရှိပါ။ ထို့ကြောင့် စွန့်ပစ်ရေမွမ်းမံသိမ်းဆည်းကန်အတွင်း မသိုလှောင်မီ ထိရောက်သောရေဆိုးသန့်စင်စနစ်ဖြင့် သန့်စင်ပေးသင့်သည့်အပြင် စောင့်ကြည့်စမ်းသပ် ရေတွင်းငယ်များ ထားရှိသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၄) အချိန်နှင့်နေရာအပေါ်မူတည်၍ ပြောင်းလဲနေသော သဲနုန်းအနည်ဝန် (Sediment Load) ပို့ချမှုသည် ချင်းတွင်းမြစ်ရေလွှမ်းနိုင်မှု အခြေအနေခန့်မှန်းတွက်ဆခြင်းနှင့် စွန့်ပစ်ရေမွမ်းမံ သိမ်းဆည်းကန်၏ တည်ဆောက်မှု ဒီဇိုင်းတွက်ချက်ခြင်းများ၌ လွန်စွာအရေးပါသော အချက်အလက်ဖြစ်ပါသည်။ ချင်းတွင်းမြစ် အထက်ပိုင်း (မြစ်ညာပိုင်း) တွင်မြေအသုံးချမှုလွန်ကဲစွာပြောင်းလဲနေမှုများ (ဥပမာ-သစ်တောပြုန်းတီးခြင်း၊ သတ္တုတူးဖော်ခြင်း) ဖြစ်ပေါ်လျက်ရှိရာ အကျိုးဆက်အားဖြင့် မြစ်အတွင်း၌ သဲနုန်း အနည်ဝန်ပို့ချမှု လွန်ကဲစွာ အပြောင်းအလဲရှိခြင်း၊ ချင်းတွင်းမြစ်၏ မြစ်ကြောင်းပြောင်းလဲခြင်းများဖြစ်စေပါသည်။ သို့သော် ဤကဲသို့သော အကြောင်းအရာများနှင့် ဖြစ်စဉ်များအား နှစ် ၁၀၀ အတွင်း မြစ်ရေလွှမ်းနိုင်မှု အခြေအနေ တွက်ချက်မှုတွင် ထည့်သွင်းစဉ်းစားခြင်းမရှိကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် စွန့်ပစ်ရေ မွမ်းမံသိမ်းဆည်း ကန်သည် လက်ရှိလျာထားချက်ရေတားတာတမံပေါင် အမြင့်ထက် ပို၍မြင့်သော၊ ပို၍ခိုင်ခံ့သော ဒီဇိုင်းမျိုးဖြစ် သင့်သည်ဟု အကြံပြုအပ်ပါသည်။

(၂၅) စွန့်ပစ်ရေသိမ်းဆည်းကန် ကျိုးပေါက်ခြင်း၊ ဖိတ်လျှံစီးဆင်းခြင်းများမှ ကာကွယ်နိုင်ရန် မုန်တိုင်းဝင်ရောက် လေ့ရှိသော မိုးရာသီအတွင်း၌ အဖြစ်နိုင်ဆုံးနှင့် အများဆုံးထားရှိသင့်သော လက်ခံသိုလှောင်မှုအား သတ်မှတ်ထားခြင်းကို မတွေ့ရပါ။ ထို့အပြင် စီမံကိန်းဧရိယာမှာ မြေငလျင်ကြောများနှင့် ဆက်စပ်လျက်ရှိသည် ဖြစ်ရာ မြေငလျင်ဒဏ်ကိုခံနိုင်သော မိုင်းဒီဇိုင်းမျိုးကို စဉ်းစားသင့်သည်ဟု အကြံပြုအပ်ပါသည်။ အကြောင်း တစ်မျိုးမျိုးကြောင့် စွန့်ပစ်ရေသိမ်းဆည်းကန် ကျိုးပေါက်ခဲ့ပါက စွန့်ပစ်ရေများသည် စီမံကိန်းဧရိယာ၏ အရှေ့ ဘက် မြေနိမ့်ပိုင်းတွင်ရှိသော ပလောင်းရွာ၊ ရွှေလှေရွာ၊ လက်ပံတောင်းရွာ၊ တုံရွာနှင့် ရွာသစ်ရွာများသို့ ရုတ် တရက် ပြင်းထန်စွာစီးဆင်းပြီး ပတ်ဝန်းကျင် ညစ်ညမ်းပစ္စည်းများ၏ ဆိုးကျိုးအာနိသင်ကို ခံစားရမည်ဖြစ် ပါသည်။ တစ်ဖန် ချင်းတွင်းမြစ်မှ တစ်ဆင့် မြစ်အောက်ပိုင်းဒေသများအား ဆက်လက်၍ ဆိုးကျိုးသက်ရောက် စေမည်ဖြစ်ပါသည်။ ထို့ကြောင့် ဘေးအန္တရာယ်နည်းပါးရေးစီမံလုပ်ဆောင်ချက်အားဖြင့်သော်လည်းကောင်း၊ စွန့်ပစ်ရေသိမ်းဆည်းကန်အဆင့်မှ စွန့်ပစ်ရေမွန်းမံသိမ်းဆည်းကန်အထိ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ထိရောက် သော ရေဆိုးသန့်စင်စနစ်ကို ထည့်သွင်းတည်ဆောက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၆) လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေနှင့် အနီးဝန်းကျင်ဒေသသည် ပူပြင်းခြောက်သွေ့သော အရပ်ဒေသတွင် တည်ရှိနေသောကြောင့် နွေရာသီ၌ ပျမ်းမျှအပူချိန် ၄၀ ဒီဂရီစင်တီဂရိတ်ခန့် ရှိပါသည်။ ထိုအပူချိန်သည် ပတ်ဝန်းကျင်ညစ်ညမ်းပစ္စည်းများ ဖောက်ထွက်ယိုစီးမှုမှ ကာကွယ်ပေးသော ဖိအားမြင့်ဒဏ်ခံ နိုင်သည့် အနက်ရောက်ပလတ်စတစ်အခင်း (High Density Ployethylene-HDPE Liner) ၏ ဝန်ဆောင်မှုသက်တမ်းကို တိုးတောင်းစေသည့် အဓိကအချက်ဖြစ်ပါသည်။ အဆိုပါ ဖောက်ထွင်းယိုစီးမှုအား စောင့်ကြပ်ပိုက်ကို စွန့်ပစ်ကန်၊ အက်စစ်ဖျန်းဧရိယာများတွင် တပ်ဆင်အသုံးပြုသင့်ကြောင်း အကြံပြုအပ် ပါသည်။

(၂၇) ဖုန်မှုန်များ၏ ထုတ်လွှတ်ပင်ရင်းဖြစ်သော ကျောက်မိုင်းခွဲခြင်း၊ ကျင်းတူးခြင်း၊ စွန့်ပစ်ကန်ခြောက်သွေ့ မျက်နှာပြင်၊ သယ်ယူပို့ဆောင်ရေးသုံးလမ်းနှင့် ဟင်းလင်းပွင့်ဧရိယာများကို ကောင်းမွန်သော နိုင်ငံတကာ အလေ့အကျင့်များနှင့်အညီ စီမံဆောင်ရွက်သင့်ကြောင်း မြေအောက်ရေ အရည်အသွေးဆိုင်ရာ အင်္ဂါရပ်များ ဖြစ်သည့် Fe, Mn, Ca, Mg, Al, So4, Pb, Cu, Zn, Ni, Co, Cr, As, Hg, Cd စသည်တို့ကိုလည်း အချိန်မှန်မှန်၊ ပြည့်ပြည့်စုံစုံတိုင်းတာ၍ မှတ်တမ်းတင်ထားသင့်ကြောင်း၊ ဆူညံသံနှင့် တုန်ခါမှုများကိုလည်း ကောင်းမွန်သော နိုင်ငံတကာအလေ့အကျင့်များနှင့်အညီ စီမံဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၈) လက်ပံတောင်းတောင်စီမံကိန်းလက်စွဲပါ လမ်းညွှန်ချက်နှင့် ကောင်းမွန်သော နိုင်ငံတကာအလေ့အကျင့် စီမံခန့်ခွဲမှုမှာ စီမံကိန်းစတင်စဉ်ကပင် မရှိခဲ့ကြောင်းသုံးသပ်ရပါသည်။ လက်ရှိကျင့်သုံးနေသော စံပယ်တောင် နှင့်ကြေးစင်တောင်စီမံကိန်း၏ ပေါင်းစပ်စီမံခန့်ခွဲမှုစနစ် (Integrated Management Systems) ထက် ကောင်းမွန်သော စနစ်နှင့်အတူ ပိုမိုထိရောက်သော သဘာဝပတ်ဝန်းကျင်စောင့်ရှောက် ထိန်းသိမ်းခြင်း ဆိုင်ရာ အစီအမံများကို လက်ပံတောင်းတောင် စီမံကိန်းတွင် လိုက်နာကျင်သုံးဆောင်ရွက်ရန် လိုအပ်ကြောင်း၊ လက်ပံ တောင်းတောင်စီမံကိန်း ဒီဇိုင်းလက်စွဲစာအုပ်ကိုလည်း ပြန်လည်သုံးသပ်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂၉) ဆားလင်းကြီးမြို့နယ်၊ ကံကုန်းကျေးရွာအနီးရှိ မြန်မာစီးပွားရေး ဦးပိုင်လီမိတက်(Myanmar Economic Holdings Limited-MEHL) ၏ မိုးကြိုးဆာလ်ဖျူရစ်အက်စစ်စက်ရုံသည် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ စက်ရုံဖြစ်ပြီး စက်ရုံနယ်မြေအတွင်းရှိ စက်နှင့်စက်ပစ္စည်းများ၊ စွန့်ပစ်အရည်နှင့် အစိုင်အခဲပစ္စည်းများ စွန့်ပစ်စုပုံသည့်ကန်များ၊ နေရာများကို ကွင်းဆင်းလေံလာကြည့်ရှုစစ်ဆေးခဲ့ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထားခြင်းမရှိသေးကြောင်း၊ ဦးပိုင်၏ စီးပွားရေးလုပ်ငန်းတစ်ခုအနေဖြင့် လုပ်ကိုင်နေခြင်းဖြစ်ကြောင်း တွေ့ရှိရ ပါသည်။ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ကာကွယ်နိုင်ရန် နိုင်ငံတကာ အသိအမှတ်ပြု ISO Certificate ရယူထားခြင်းမရှိသေးကြောင်း တွေ့ရှိရသဖြင့် ဤအက်စစ်စက်ရုံသည် အန္တရာယ်ရှိသော ဓာတုပစ္စည်းစက်ရုံ (Hazardous Chemical Plant) အတန်းစားဖြစ်သောကြောင့် သက်ဆိုင်ရာ စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ရယူထားရန် လိုအပ်ကြောင်း၊ စက်ရုံမှစွန့်ထုတ်သောအငွေ့တွင် ဆာလ်ဖာဒိုင်အောက်ဆိုက် SO2 ပါဝင်မှုကို 150 ppm ထက်မများစေရန် သတ်မှတ်ထိန်းချုပ်၍ စွန့်ထုတ်သင့်ပါသည်။ ဤအချက်ကို စိစစ်နိုင်ရန် စက်ရုံအနေဖြင့် နိုင်ငံတကာ ပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့်အညီ ISO Certificate များလည်း ရယူသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၃၀) ပုသိမ်-မုံရွာ ကားလမ်းဘေးရှိ ဒုန်းတောကျေးရွာနှင့် လေးညှင်းတောင် ဘုန်းတော်ကြီးကျောင်းအကြား (မိုင်တိုင်အမှတ် ၄၄၆ / ၂ မှ ၄၄၆ / ၇ အထိ) တွင်ရှိသော ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့် စွန့်ပစ်မြေများမှာ ဒေသန္တရနည်းဖြင့် ဒုတ္တာ / ကြေးနီချက်လုပ်ပြီး ကျန်ရစ်နေသည့် ညစ်နွမ်း မြေသားများကို အရုပ်ဆိုးအကျည်းတန်စွာ လေ့လာတွေ့ရှိခဲ့ပါသည်။ ထိုနည်းတူစွာ ပုသိမ်-မုံရွာ ကားလမ်း ဘေးရှိ ကံကုန်းကျေးရွာအတွင်းနှင့် အနီးပတ်ဝန်းကျင်တွင်လည်း ယခင် ၁၉၈၄ ခုနှစ်မှ ၁၉၉၇ ခုနှစ်ခန့်အတွင်း စွန့်ပစ်ခဲ့သည့်မြေများမှ ဒေသန္တရနည်းဖြင့် ဒုတ္တာ / ကြေးနီချက်လုပ်မှုကြောင့် မြေသားများ ညစ်နွမ်းပြီး မြေအောက်သို့ သတ္တုဓာတ်နှင့် ညစ်ညမ်းရေများစိမ့်ဝင်ကာ သောက်သုံးရေ မသန့်ရှင်း မှုများ ဖြစ်ပေါ်လျက်ရှိ ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ ထို့ကြောင့်အဆိုပါ ဒုတ္တာ / ကြေးနီချက်လုပ်သည့် လုပ်ငန်းများ၏ ရလဒ် ဆိုးကျိုးများဖြစ်သော ကျန်ရစ်နေသည့် ညစ်နွမ်းမြေသားများဖြင့် ပတ်ဝန်းကျင် အရည်အသွေးလျော့နည်း ကျဆင်းမှု / ထိခိုက်ပျက်စီးနေမှုများ (Environmental Degradation /Deterioration) ကိုကြေးနီသတ္တုတွင်း စီမံကိန်းကုမ္ပဏီ၊ ဒေသခံပြည်သူလူထုနှင့် သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများက စုပေါင်းညီညွတ်စွာဖြင့် ပတ်ဝန်းကျင်ကို ကုစားခြင်း / ပြင်ဆင်ခြင်း (Environmental Remediation/ Repair) ပတ်ဝန်းကျင်ကို ပြန်လည်ထူထောင်ခြင်း (Environmental Rehabilitation) နည်းလမ်းများကို လိုက်နာကျင့်သုံးပြီး အမြန်ဆုံး ဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(ခ) လူမှုဝန်းကျင်အခြေအနေ

(၁) ဆားလင်းကြီးမြို့နယ်တွင် စုစုပေါင်းလူဦးရေ ၁၉၀၀၀၀ ခန့်၊ အိမ်ထောင်စု ၂၇၀၀၀ ခန့်ရှိပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေ)၌ နေထိုင်သည့်အိမ်ထောင်စုဦးရေ ၁၅၀ ခန့်နှင့် စိုက်ပျိုးမြေ ၅၄၈၇ ဒသမ၂၇ ဧက ရှိကာ အခြားမြေ ၂၃၈၀ ဒသမ ၅ ဧက ရှိပါသည်။ လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းသည် တောင်ပလူကျေးရွာအုပ်စုမှ မြေ ၇ ဒသမ ၆ ဧက၊ ရွာရှည်ကျေးရွာအုပ်စုမှ မြေ ၅၀ ဒသမ ၆၅ ဧက၊ တုံကျေးရွာအုပ်စုမှ မြေ ၅၅ ဒသမ ၀၄ ဧက၊ စုစုပေါင်း ၁၁၃ ဒသမ ၂၉ ဧက ရယူထားကြောင်း စိစစ် တွေ့ရှိရပါသည်။

(၂) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းကြောင့် နေရာပြောင်းရွေ့တည်ထောင်ပေးခြင်းခံရသော ကျေးရွာသစ်များမှာ သင့်တော်သော စံပြကျေးရွာအဆင့်မမီကြောင်း၊ လယ်ယာမြေရယူခြင်းနှင့် ပေးလျော်ခြင်း တို့တွင် ပွင့်လင်းမြင်သာမှုမရှိကြောင်း၊ ဒေသခံတို့နှင့် ကြိုတင်ညှိနှိုင်းဆွေးနွေးမှုမရှိခဲ့ကြောင်း၊ သတင်းအချက် အလက်ရရှိရန် အခွင့်အလမ်းအားနည်းသည့်  အများစုဖြစ်သော ဒေသခံတို့အား မြေယာသိမ်းယူမှု၊ ပေးလျော် မှုတို့နှင့် စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်း ပြောကြားမှုမရှိခဲ့ကြောင်း၊ မြေနှင့်သီးနှံလျော်ကြေးငွေ ပေးရန်ဟု ကြေညာခဲ့သည့် မြေပိုင်ရှင် လက်မှတ်ထိုးရသည့် စာရွက်စာတမ်းတွင်မှု မြေယာအားစွန့်လွှတ် ကြောင်းနှင့် လျော်ကြေးငွေရရှိကြောင်းဟု ရေးထားကြောင်း စသည် ရှေ့နောက် မညီညွတ်မှုများ (Inconsistencies) ရှိခဲ့ကြောင်း၊ လက်မှတ်ရေးထိုးရသည့် စာရွက်စာတမ်းများအား လက်မှတ်မရေးထိုးမီ သေချာစွာရှင်းပြခြင်း၊ ဖတ်ကြားပြခြင်းမရှိကြောင်း၊ မြေယာစွန့်လွှတ်ရသူအတွက် ခိုင်မာသောအထောက်အထား စာရွက်တစ်စုံတစ်ရာ ကို စနစ်တကျ ပြန်လည်ပေးအပ်ခြင်းမရှိကြောင်း၊ မြေယာလျော်ကြေးသည်လည်း ကာလပေါက်ဈေး (Market Value) အတိုင်းမဟုတ်ခဲ့ကြောင်း သုံးသပ်ရ ပါသည်။

(၃) လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းလုပ်ငန်းကို မစတင်မီ လိုအပ်သောလူမှုစီးပွားဆိုင်ရာ ထိခိုက်မှုဆန်းစစ်ချက် (Social Impact Assessment) တစ်ရပ်ကို စနစ်တကျ ကြိုတင်ဆောင်ရွက်ထားခြင်း မရှိကြောင်း သုံးသပ်ရပါသည်။

(၄) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းသည် ကြီးမားသောစီးပွားဖွံ့ဖြိုးရေးလုပ်ငန်းတစ်ရပ်ဖြစ် သဖြင့် ဒေသခံပြည်သူလူထုနှင့် ပွင့်လင်းမြင်သာစွာ ဆွေးနွေးညှိနှိုင်းခြင်း၊ ရှေ့တွင်ဖြစ်ထွန်းလာနိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုးများအား ရှင်းရှင်းလင်းလင်းတွက်ချက်ပြခြင်း၊ လက်ပံတောင်း တောင်ကြေးနီ သတ္တုတွင်း စီမံကိန်းကို အကောင်အထည်ဖော်မည့်သူများနှင့် သက်ဆိုင်ရာ ဒေသခံပြည်သူလူထုအကြား ပွင့်လင်းမြင်သာ သော ဆွေးနွေးညှိနှိုင်းမှုနှင့် ထိုက်တန်သောပေးလျော်မှုများကို ပြန်လည်ဆောင်ရွက်ခြင်း၊ နေရာရွေ့ပြောင်း တည်ထောင်ပေးသော ကျေးရွာသစ်များကို စံပြကျေးရွာများဖြစ်စေခြင်း စသည်တို့ ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြုအပ်ပါသည်။

(၅) ထို့အပြင် နေရာရွေ့ပြောင်းခံကြရသော ဒေသခံပြည်သူများ၏ စီမံကိန်းနယ်မြေအနီးဝန်းကျင်ရှိ အခြား သောပြည်သူများအတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ဝင်ငွေရရှိနိုင်သည့်စီးပွားရေးလုပ်ငန်းများ အား ဖန်တီးပေးခြင်း၊ စီမံကိန်းနယ်မြေအနီးတွင် သတ္တုတွင်းမြို့တစ်မြို့ကိုတည်ထောင်ပေးခြင်း၊ နိုင်ငံခြားသား ကျွမ်း ကျင်သူများ၊ အလုပ်သမားများ၏နေရာတွင် ဒေသခံပြည်သူများ၊ နိုင်ငံတွင်းအလုပ်သမားများနှင့် တစ်ဆင့်ပြီး တစ်ဆင့် အစားထိုးသည့်မူဝါဒဖြင့်  အကောင်အထည်ဖော်ဆောင်ခြင်း၊ ဒေသ၏လူမှုစီးပွားဖွံ့ဖြိုးတိုး တက်မှု အတွက် ထိရောက်စွာ တာဝန်ယူပံ့ပိုးကူညီခြင်း၊ စီးပွားရေးလုပ်ငန်းကြီးများ၏ လူမှုရေးတာဝန်ယူမှု (Corporate Social Responsibility-CSR) အား တိကျစွာလိုက်နာကျင့်သုံးခြင်းတို့ကို ဆောင်ရွက်ပေးသင့်ကြောင်း အကြံပြု အပ်ပါသည်။

ခြုံငုံသုံးသပ်အကြံပြုချက်

၈၃။ လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာပြဋ္ဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့်နည်းပညာများ အသုံးပြု၍ စနစ်တကျဆောင် ရွက်ခြင်းရှိမရှိနှင့် လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပါတ်ဝန်းကျင် အပေါ်ကောင်း ကျိုးနှင့်ဆိုးကျိုး သက်ရောက်မှုများနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ခြုံငုံသုံးသပ်အကြံပြုအပ်ပါသည်-

(က) လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေ၏ လက်ရှိဂေဟစနစ် (Ecosystem or Ecological system) သည်မျက်မှောက်ကာလတွင် အရည်အသွေးကျဆင်းမှု၊ ယိုယွင်းပျက်စီးမှု ကြီးကြီးမားမား မရှိသေးသော်လည်း ကြေးနီသတ္တုတူးဖော်ထုတ်လုပ်ခြင်း၊ သတ္တုသန့်စင်ခြင်း စသည့်လုပ်ငန်း များကို ရှေ့တွင် ဆက်လက်လုပ်ဆောင်လာသည်နှင့်အမျှ ဤနယ်မြေရှိ သစ်ပင်သစ်တော၊ သက်ရှိသတ္တာဝါ၊ တိရစ္ဆာန်၊ ရေ၊ မြေ တို့ကို ဧကန်မုချ ပြောင်းလဲကာ သိသာထင်ရှားသော ထိခိုက်မှုများ ဖြစ်ပေါ်လာစေမည်ဖြစ် သောကြောင့်ကြို တင်ကာကွယ်မှုပြုလုပ်နိုင်ရန် သဘာဝပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ် Environmental Management System တစ်ရပ်ကို လုပ်ငန်းမစမီကပင် ပြင်ဆင်ရ ကျင့်သုံးသင့်သည်ဟု သုံးသပ်အကြံပြု အပ်ပါသည်။

(ခ) လက်ပံတောင်းတောင်ကြေးနီသတ္တုတွင်းစီမံကိန်းနယ်မြေ တွင်ဖြစ်ပွားခဲ့သော လူမှုဝန်းကျင်ပြသာနာများ သည် မြေယာသိမ်းဆည်းမှုနှင့် ပြောင်းရွေ့နေရာချထားမှုပေါ်တွင် အဓိကအားဖြင့် အခြေပြုခဲ့သည်ဟု သုံးသပ် ရပါသည်။ထို့အပြင် ကြေးနီသတ္တုတွင်းစီမံကိန်းလုပ်ငန်းအဆင့်ဆင့်အား ပွင့်လင်းမြင်သာစေမှု(Transparency)၊ သတ္တုတွင်း တူးဖော်ထုတ်လုပ်ရန်အတွက် မြေလိုအပ်ချက်အား စနစ်တကျ သိရှိနားလည်စေမှုနှင့်အဆိုပါ လုပ် ငန်းများကြောင့် နိုင်ငံတော်နှင့် သက်ဆိုင်ရာဒေသအတွက်အကျိုး ကျေးဇူးရှိနိုင်ပုံ များအား သိသာသော အထောက်အထားအချက်အလက်များ ပြသမှု၊ ထိုက်တန်သောပေးလျော်မှု၊ အစားထိုးတည်ဆောက်ပေးမှုနှင့် ဒေသခံပြည်သူများ၏ လူမှုစီးပွားနှင့် အသက်မွေးဝမ်းကျောင်းဘဝအတွက် ထိရောက်သော စီမံဆောင်ရွက်ပေး မှုများ လိုအပ်သည်ဟု သုံးသပ်အကြံပြုအပ်ပါသည်။

 

(ဂ) စေတီ၊ ပုထိုး၊ ဘုရား၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံးများ တည်ရှိရာလက်ပံ တောင်းတောင်နှင့် အနီးဝန်းကျင် အရပ်ဒေသများနှင့် ပတ်သက်ရ ဒေသခံပြည်သူလူထု၏ ခံစားချက်ကိုလည်း သတိပြုအပ်ပါသည်။ လက်ရှိလက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းဟုခေါ် သောမြေနေရာနှင့် ၎င်း၏ အပေါ်ရှိ စေတီ၊ သိမ်ကျောင်းစသော ဗုဒ္ဓသာသနိက အဆောက်အအုံများသည် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်းစီမံကိန်းတွင် ဟင်းလင်းပွင့်ကျင်းကြီး (Open Pit) ဖြစ်ပေါ်လာမည့် နေရာ၏ အလယ်ဗဟို အရပ်၌ တည်ရှိနေပြီး သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်ကြောင်း၊ အဆိုပါသာသနိက အဆောက်အအုံများ ကို ကွင်းရှောင်ပြီး ကြေးနီသတ္တုတူးဖော်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက်အဦးများ၏ ကြံခိုင်တည် မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည်ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ သို့ပါရ အဆိုပါ လက်ပံတောင်းတောင် ကြား တောရစင်္ကြန်ကျောင်းမြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိကအဆောက်အအုံများကို လုံးဝထိခိုက် ပျက်စီးစေမှုမရှိပဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ပေး သင့်ကြောင်း၊  ဤကိစ္စကို ကြေးနီတူးဖော်မည့် ကုမ္ပဏီ သည် ဒေသခံပြည်သူလူထုများ၊ သက်ဆိုင်ရာ အာဏာ ပိုင်  အဖွဲ့အစည်းအဆင့်ဆင့်တို့နှင့် ပွင့်လင်းမြင်သာစွာ ညှိနှိုင်းဆွေးနွေးဆောင်ရွက်သင့်ကြောင်း သုံးသပ် အကြံပြုအပ်ပါသည်။

 

(ဃ) မျက်မှောက်ကာလတွင် အကောင်အထည်ဖော်ဆောင်ရွက်နေသော လက်ပံတောင်းတောင် ကြေးနီ သတ္တုတွင်းစီမံကိန်း၏ အထောက်အထားများ၊ ရည်ညွှန်းအကိုးအကားများကို အသေးစိတ်လေ့လာစိစစ်ချက် အရ ယနေ့တိုင်အောင်နိုင်ငံတကာပြဋ္ဌာန်းချက်များ၊ စံချိန်စံညွှန်းများနှင့် အဆင့်အတန်းဘောင်ဝင်သော ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှုစနစ်၊ လူမှုဝန်းကျင်လေ့လာခြင်းနှင့် စီမံခန့်ခွဲမှုစနစ်များ ရေးဆွဲ ကျင့်သုံးလိုက်နာ ဆောင်ရွက်မှုမရှိသေးကြောင်း သုံးသပ်ရပါသည်။

(င) အဆိုပါစီမံခန့်ခွဲမှုများ ခိုင်ခံ့စွာတည်ဆောက်ကျင့်သုံးနိုင်ခြင်းမရှိသေးမီ ကာလအတွင်းတွင် လက်ပံတောင်း တောင်ကြေးနီသတ္တုတွင်းစီမံကိန်း လုပ်ငန်းများ လုပ်ဆောင်နေသည်ကိုတွေ့ရှိရပါသည်။ သို့ပါရ မြန်မာ-ဝမ်ပေါင် ကုမ္ပဏီမှ တာဝန်ပေးထားသဖြင့် သြစတြေးလျ (Australia) နိုင်ငံ၊ Knight Piesold Pty. Limited ကပြုစုနေသော အပြည်ပြည်ဆိုင်ရာလက်မှတ်သုံးစောင်ဖြစ်သည့် ISO14001:2004 (သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုစီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) ISO9001:2008 (ထုတ်လုပ်မှုစီမံခန့်ခွဲခြင်းဆိုင်ရာလက်မှတ်) OHSAS 18001:2007 (လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့် ကျန်းမာရေးစီမံခန့်ခွဲမှုဆိုင်ရာလက်မှတ်) တို့ကို အမြန်ဆုံးပြုစုပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။

ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်၊ ပြည်သူလူထုနှင့်အနာဂါတ်မျိုးဆက်များအတွက် အကျိုးရှိ/မရှိ

၈၄။ လက်ပံတောင်းတောင်စီမံကိန်းသည် ကမ္ဘာပေါ်တွင်အကြီးဆုံးသောကြေးနီစီမံကိန်းတစ်ခုဖြစ်ပါသည်။ ဤ ကြေးနီစီမံကိန်းကို လုပ်ဆောင်ခြင်းဖြင့်နိုင်ငံတော်၊ ပြည်သူလူထုနှင့်အနာဂါတ်မျိုးဆက်တို့ အကျိုးရှိ/မရှိ စိစစ်သုံး သပ်ရန်လိုပါသည်။ ကော်မရှင်အဖွဲ့စီးပွားရေးပညာရှင်က ယခုလုပ်ငန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာ လုပ်ဆောင်သင့်သည့် စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်သည်ဟု သုံးသပ်တင်ပြခဲ့ပါသည်။ ကြေးနီစီမံကိန်းကို လက်ရှိ စာချုပ်အတိုင်းဆောင်ရွက်မည်ဆိုပါက အောက်ပါအတိုင်း နိုင်ငံတော်၊ပြည်သူလူထုနှင့် အနာဂါတ်မျိုးဆက်တို့ အကျိုးကျေးဇူးခံစားရမည်ဖြစ်ပါသည်-

(က) နိုင်ငံတော်အတွက် အကျိုးကျေးဇူး။ ဤကြေးနီစီမံကိန်းမှာ နိုင်ငံတော်သည် ခိုင်ကြေး(Royalty) ၄%၊ ကုန်သွယ်လုပ်ငန်းခွင် (Commercial Tax) ၈% နှင့်ဝင်ငွေခွန် (Income Tax) ၁၅%ရရှိမည်ဖြစ်ပါသည်။ ၄င်းအခွံများနှင့်စီမံကိန်းတူးဖော်မှုနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်ကိုနုတ်ပယ်၍ နောက်ဆုံးဝင်ငွေအားခွဲဝေရာ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်မှ ၅၁% ကိုလည်းကောင်း၊ ဝမ်ပေါင်ကုမ္ပဏီမှ ၄၉% ကိုလည်းကောင်း အသီးသီးရရှိကြမည် ဖြစ်ပါသည်။ နိုင်ငံတော်မှ ရရှိမည့်အကျိုးကို အောက်ပါအတိုင်းတွက်ချက်နိုင်ပါသည်-

 

– စုစုပေါင်းဝင်ငွေ(သို့)ကြေးနီရောင်းရငွေ (Total Revenue)                           =       ၁၀၀%

– ထုတ်လုပ်မှုကုန်ကျစရိတ် (Total Cost)                                                         =         ၅၆%

– ခိုင်ကြေး (Royalty) ၄% + ကုန်သွယ်လုပ်ငန်းခွန် (Commercial Tax) ၈%      =         ၁၂%

– အခွန်မဆောင်မီ အမြတ်ဝင်ငွေ (Income Before Tax)                              =         ၃၂%

– စုစုပေါင်းဝင်ငွေ ၁၀၀ အပေါ် နိုင်ငံတော်အစိုးရက ရရှိမည့်ခိုင်ကြေး (Royalty)     =           ၄%

– စုစုပေါင်းဝင်ငွေ ၁၀၀ အပေါ် နိုင်ငံတော်အစိုးရက ရရှိမည့်ဝင်ငွေခွန်

(Commercial Tax)                                                                      =           ၈%

– အခွန်မဆောင်မီ ဝင်ငွေ ၃၂ အပေါ် နိုင်ငံတော်အစိုးရကရရှိမည့်ဝင်ငွေခွန်

(Income Tax) ၁၅%                                                                              =       ၄.၈%

– နိုင်ငံတော်အစိုးရက ရရှိမည့် အခွန်ဝင်ငွေစုစုပေါင်း                                     =        ၁၆.၈%

– အခွန်မဆောင်မီ ဝင်ငွေ ၃၂ -ဝင်ငွေခွန် ၄.၈ = ၂၇.၂ ၏

မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၏ ဝင်ငွေ ၅၁%                                        =      ၁၃.၈၇၂%

– အခွန်မဆောင်မီဝင်ငွေ ၃၂-ဝင်ငွေခွန်   ၄.၈ = ၂၇.၂ ၏

ဝမ်ပေါင်သတ္တုတွင်းကုမ္ပဏီ၏ ဝင်ငွေ ၄၉%                                             =     ၁၃.၃၂၈%

 

(၁) အထက်ပါတွက်ချက်မှုတွင် နိုင်ငံတော်ကရရှိမည့် အကျိုးအမြတ်ကို ၁၆.၈% ဟုတွက်ချက် ဖော်ပြထားခဲ့ ပါသည်။ မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့ ၂၀၁၀ ခုနှစ်၊ ဇွန်လတွင် ချုပ်ဆိုထားသော စာချုပ်အပေါ်မူတည်ပြီး ၁၆.၈% ဟု တွက်ချက်ဖော်ပြထားခြင်းဖြစ်ပါသည်။

(၂) သို့ရာတွင် လက်ရှိတည်ဆဲဥပဒေအရ ကုမ္ပဏီက ကုန်သွယ်လုပ်ငန်းခွန် ၈% ပေးသွင်းရန် မလိုအပ်တော့ပါ။ သို့ဖြစ်ရာ နိုင်ငံတော်ခံစားရမည့် အကျိုးကျေးဇူးထဲမှ ၈% လျော့နည်းသွားမည်ဖြစ်ပါသည်။ ခံစားရမည့်အကျိုး ကျေးဇူးသည် ခိုင်ကြေး ၄% နှင့် ဝင်ငွေခွန်ပေါ်မှ ကောက်ခံသည့်အခွန်သာဖြစ်ပါသည်။ တနည်းဆိုသော် ဤကြီးမားသော လုပ်ငန်းကြီးမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိသည်မှန်သော်လည်း ရရှိသည့်အကျိုး ကျေးဇူးမှာ နည်းပါးပါသည်။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် မြန်မာစီးပွားရေးဦးပိုင်လီမိတက်မှ တာဝန်ရှိ ပုဂ္ဂိုလ်များနှင့် တွေ့ရှိသည့်အချိန်တွင် ၏အချက်ကိုတွေ့ရှိသုံးသပ်ပြီး အလေးထားပြောကြားခဲ့ပါသည်။ တစ်ဖက် တွင်လည်း နိုင်ငံတော်၏ အကျိုးကျေးဇူးကို တွက်ချက်ရာတွင် အစိုးရဘဏ္ဍာသို့ ရရှိသည့်ဝင်ငွေအပြင် နိုင်ငံ အတွင်းရှိ စီးပွားရေးလုပ်ငန်းတို့၏ ဝင်ငွေကိုလည်းကောင်း၊ လုပ်ငန်းတည်ထောင်ဆောင်ရွက်ခြင်းကြောင့် ရရှိလာမည့်နည်းပညာကူးပြောင်းမှု (transfer of technology)ကိုလည်းကောင်း၊ ပြည်သူလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်း ရရှိမှုကိုလည်းကောင်း ထည့်သွင်းတွက်ချက်ရန် လိုအပ်ပါသည်။ ကော်မရှင် စီးပွားရေးပညာရှင်၏ အကျိုးရှိမှုတွက်ချက်ခြင်း (Benefit Calculation) အရ ယခုလုပ်ငန်းတွင် နိုင်ငံတော်နှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ ရရှိသည့်အကျိုးစီးပွားသည် ဝမ်ပေါင်ကုမ္ပဏီရရှိသည့် အကျိုးစီးပွားထက် ပိုမိုပါသည်။

 

(ခ) ပြည်သူလူထုအတွက် အကျိုးကျေးဇူး။ ကြီးမားသည့် စီးပွားရေးစီမံကိန်းတစ်ခု တည်ထောင်ခဲ့ပါလျှင် ဒေသခံလူထုအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်ပါသည်။ ထိုစီးပွားရေးလုပ်ငန်းအပေါ် မူတည်ပြီး စီးပွားရေးလုပ်ငန်းငယ်များ ပေါ်ပေါက်လာနိုင်သည်ဟူ၍ သမားရိုးကျခံယူမှုရှိပါသည်။ ယခု လက်ပံတောင်း တောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍မှု မြန်မာဝန်ထမ်း ၆၆၀ ဦးကို ခန့်ထားပြီးဖြစ်ကြောင်း၊ အသစ်ခန့်ထားမည့် အင်ဂျင်နီယာဘွဲ့ရနှင့် အခြားဘွဲ့ရ ၁၂၈ ဦးအား လုပ်ငန်းခွင်သင်တန်း ပို့ချပေးလျက်ရှိကြောင်း ဝမ်ပေါင်ကုမ္ပဏီမှ သိရှိရပါသည်။ ဤလုပ်ငန်းထက် လုပ်ငန်း ပမာဏများစွာသေးငယ်သည့် စံပယ်တောင်နှင့် ကြေးစင်တောင် သတ္တုတွင်း၏ လုပ်ငန်းအင်အားကိုကြည့်ပါလျှင် နိုင်ငံခြားပညာရှင်ခြောက်ဦးသာရှိပြီး မြန်မာဝန်ထမ်းဦးရေမှာ ၁၄၃၉ ဦးဖြစ်ရာ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် နိုင်ငံခြားသားဦးရေများပြားပြီး ဒေသခံတို့အတွက် အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည်ကို တွေ့ရှိရပါသည်။ အထူးသဖြင့် ဒေသခံပြည်သူတို့သည် လယ်ယာ လုပ်ကိုင်သူများဖြစ်ပြီး လက်ပံတောင်း တောင်ကြေးနီစီမံကိန်းအတွက် ယခင်လုပ်ကိုင်ခဲ့ကြသော လယ်ယာ မြေများကို စွန့်လွှတ်ခဲ့ကြရာ မိရိုးဖလာ လုပ်ကိုင်ခဲ့သော လယ်ယာလုပ်ငန်းကို လုပ်ကိုင်နိုင်ခြင်းမရှိတော့သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ဤကြေးနီ စီမံကိန်းအတွက် တစ်ဆင့်ငှားရမ်းသည့် သယ်ယူပို့ဆောင်မှုလုပ်ငန်း (Sub-Contract)ကိုလည်း ကုမ္ပဏီကြီးတစ်ခုကို ချထားပေးခဲ့ရာ ဆင့်ပွားစီးပွားရေးလုပ်ငန်းမှလည်း ဒေသခံတို့ အတွက် အလုပ်အကိုင်အခွင့်အလမ်း မရရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ဒေသခံလူထုအနေနှင့် လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းအပေါ် နှစ်လိုမှုမရှိခြင်း၏ အကြောင်းရင်းများတွင် အသိမ်းခံရသော လယ်ယာ မြေများအတွက် တန်ရာတန်ကြေး မရဟူသောခံယူချက်အပြင် အလုပ်အကိုင်အခွင့်အလမ်းများ မရရှိခြင်း သည်လည်း အကြောင်းရင်းတစ်ရပ်ဖြစ် ပါသည်။ မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီ တို့အနေ ဖြင့် ရေဘေးသင့်ဒေသခံများအတွက် အလှူငွေ ပေးအပ်ခြင်း၊ ယမားချောင်းတာပေါင် ပြုပြင်ဆောင် ရွက်ပေးခြင်း၊ ရွာသာ-ရွေပန်းခိုင်လမ်း ဆောက်လုပ်ပေးခြင်း၊ သာယာကုန်းရွာတံတားနှင့် မိုးကြိုးပြင် ရွာဆည်ပြုပြင်ရန် ကူညီဆောင်ရွက်ပေးခြင်း၊ ဖောင်းကားရွာဆည်ပြုပြင်ပေးခြင်းအပြင် ပညာရေးနှင့် ကျန်းမာ ရေးတို့တွင် အကူအညီပေးခြင်းတို့ ပြုလုပ်ပေး မှုရှိသည်ကို တွေ့ရှိရရာ ကျေးရွာလူထုအနေနှင့် အကျိုးခံစားမှု အထိုက်အလျောက်ရှိသည်ဟု ဆိုနိုင်ပါသည်။ သို့ရာတွင် ဒေသခံလူထုမျှော်လင့်သည့် ရေရှည်လူမှုစီးပွား ဆိုင်ရာ အကူအညီတို့ကိုမှု ထိရောက်စွာပေးအပ် ထားခြင်းမရှိဟု သုံးသပ်ရပါသည်။ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် တွေ့ဆုံရာတွင် ၎င်းတို့က ယခုကာလသည် သတ္တုလုပ်ငန်းစီမံကိန်း ထူထောင်ဆဲကာလသာဖြစ်ပြီး စီမံကိန်းအရှိန်အဟုန်ရရှိလာသည်နှင့်အမျှ ဒေသခံလူထုအတွက် အလုပ်အကိုင် အခွင့်အလမ်း ပိုမိုရရှိရန်ရှိကြောင်း ကော်မရှင်သို့တင်ပြခဲ့ပါသည်။ ကော်မရှင်အနေဖြင့် ဒေသခံလူထုအတွက် အကျိုးကျေးဇူးပိုမိုရရှိရန် လိုအပ်သည်ဟုလည်းကောင်း၊ ကုမ္ပဏီတွင်ခန့်ထားပေးနိုင်သည့် အလုပ်အကိုင်အပြင် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises) တည်ထောင် ပေးမှသာလျှင် ဒေသခံပြည်သူလူထု၏ အလုပ်အကိုင် အခွင့်အလမ်းကို ဖြည့်ဆည်းပေးနိုင်မည်ဟု လည်း ကောင်း သုံးသပ်ပါသည်။

(ဂ) အနာဂါတ်မျိုးဆက်များအတွက် အကျိုးကျေးဇူး။  နိုင်ငံတစ်နိုင်ငံအနေဖြင့် သယံဇာတများကို ထုတ်ယူသုံးစွဲရာတွင် ပစ္စုပ္ပန်လူသားအတွက်သာမက အနာဂါတ်မျိုးဆက်များ၏ အကျိုးကျေးဇူးကိုပါ ထည့်သွင်းစဉ်းစားရန်လိုအပ်ပါသည်။ သို့ကြောင့်လည်း နိုင်ငံတကာအနေဖြင့် စီးပွားရေးတိုးတက်ဖွံ့ဖြိုးစေရန် ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်တိုးတက်ဖွံ့ဖြိုးမှု (Sustainable Development) မူများနှင့်အညီ ဆောင်ရွက်ရန် လိုအပ်ပါသည်ဟု ခံယူထားပါသည်။ ထိုမူများအရဆောင်ရွက်ရာတွင် သယံဇာတပစ္စည်းများကို ပစ္စုပ္ပန်လူသားတို့အကျိုးငှာ ထုတ်ယူသုံးစွဲနိုင်ပါသည်။ ထိုသို့ ထုတ်ယူသုံးစွဲသည့်အခါ အနာဂါတ်မျိုးဆက်များ အတွက်ပါ ဆက်လက်အကျိုးကျေးဇူးရှိစေရန် စီစဉ်ဆောင်ရွက်ရန်လိုပါသည်။ တစ်နည်းဆိုသော် သယံဇာတထုတ်ယူသုံးစွဲရာတွင် သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှုအနည်းဆုံးဖြစ်စေမည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စီမံခန့်ခွဲရေးအစီအစဉ်များကို ချမှတ်ရန်လိုအပ်ပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း သည် စတင်တည်ထောင်သည့်အဆင့်သာရှိပါသေးသည်။ သို့ရာတွင် ထိုအဆင့်မတိုင်မီ ဆောင်ရွက်ရမည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် လူမှုဘဝအကဲဖြတ်မှု (Environmental and Social Impact Assessment-ESIA)ကို စနစ်တကျ လုပ်ဆောင်ထားမှုမရှိဘဲ ၁၉၉၇ ခုနှစ်၊ အိုင်ဗင်ဟိုကုမ္ပဏီလက်ထက်တွင် ပြုလုပ်ထားသော အကြိုဖြစ်နိုင်စွမ်း လေ့လာမှုအစီရင်ခံစာပေါ်တွင်သာ အခြေခံဆောင်ရွက်နေခြင်းဖြစ်ပါသည်။ သို့ဖြစ်ရာ လက်ရှိဆောင်ရွက်နေသော လက်ပံတောင်းတောင်စီမံကိန်းတွင် လုံလောက်သော ပတ်ဝန်းကျင် ထိန်းသိမ်းမှု အစီအစဉ်များမရှိဟု သုံးသပ်ပါသည်။ ထို့ပြင် လက်ပံတောင်းတောင်ကြေးနီသတ္တု တွင်းစီမံကိန်းကို အကောင်အထည်ဖော်ခြင်းအားဖြင့် အနာဂါတ်မျိုးဆက်များအတွက် ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုများ သိသာထင်ရှားစွာ ပေါ်ပေါက်သင့်ပါသည်။ ထို့ကြောင့် လိုအပ်သော စီမံကိန်းများ အကောင် အထည်ဖော်ရန် အရေးကြီးသည်ဟု သုံးသပ်ပါသည်။

ခြုံငုံသုံးသပ်ချက်နှင့်အကြံပြုချက်များ

 

 

၈၅။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အဓိကစဉ်းစားရမည့် အချက်မှာ ဤကြေးနီစီမံကိန်း သည် နိုင်ငံတော်၊ ပြည်သူလူထုနှင့် အနာဂါတ်မျိုးဆက်များအတွက် အကျိုးရှိစွာဖြင့် လုပ်ကိုင်နိုင်ခြင်း ရှိ / မရှိ၊ ဆက်လက်လုပ်ဆောင်ရန် သင့် / မသင့်ဆိုသည့် အချက်ဖြစ်ပါသည်။ ကော်မရှင်၏စီးပွားရေးပညာရှင် သုံးသပ် ချက်အရ ဤကြေးနီစီမံကိန်းသည် စီးပွားရေးရှုထောင့်မှ အကျိုးရှိစွာလုပ်ကိုင်နိုင်သည်ကို ပြတ်သားစွာ သုံးသပ် တင်ပြထားပါသည်။ စီးပွားရေးအရတွက်ခြေကိုက်မှုရှိသော်လည်း အနာဂါတ်မျိုးဆက်များအတွက် အကျိုး ကျေးဇူးရှိစေရန် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုများကို ကျင့်သုံးရန်လိုအပ်ပါသည်။ စီးပွားရေးပညာရှင် တင်ပြ သကဲ့သို့ ကြေးနီစီမံကိန်းနှင့်ပတ်သက်၍ အောက်ပါနည်းလမ်းသုံးသွယ်ကိုရွေးချယ်နိုင်ပါသည်။ ထိုသို့ရွေးချယ် ရန်အတွက် စဉ်းစားဆုံးဖြတ်ရာတွင် စီးပွားရေးအတွက်အကျိုးရှိမှု၊ နိုင်ငံတကာဆက်ဆံရေး၊ လူမှုရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို အားလုံးခြုံငုံပြီး (Holistically) စဉ်းစားရန် လိုအပ်ပါကြောင်း ကြံပြုအပ် ပါသည်-

(က) လက်ရှိအတိုင်းပင် ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ကိုင်စေမည့်နည်းလမ်း။  ကြေးနီစီမံကိန်း ဆောင်ရွက်ရာတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပတ်သက်သော သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွား ရေးဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ချက်များ စနစ်တကျပြုလုပ်ထားခြင်းမရှိပါ။ ယခု အတိုင်း ဆက်လက် ဆောင်ရွက်စေပါက ကြေးနီစီမံကိန်းအရှိန်အဟုန်ဖြင့် ဆောင်ရွက်လာသည့်အချိန်တွင် ပတ်ဝန်းကျင်ထိခိုက်မှုများ ပေါ်ပေါက်လာမည်ဖြစ်ပါသည်။ ကုမ္ပဏီအနေဖြင့် ဒေသဆိုင်ရာပြည်သူတို့အတွက် လုံလောက်သောလူမှုစီးပွားရေးဘဝတိုးမြှင့်အောင် ဆောင်ရွက်ပေးနိုင်မှုတွင်လည်းကောင်း၊ လယ်ယာမြေ ဆုံးရှုံးသဖြင့် အလုပ်အကိုင်မဲ့ဖြစ်သူများအား အလုပ်အကိုင်အခွင့်အလမ်းထိရောက်စွာ ဖော်ဆောင် ပေးနိုင်ခြင်း မရှိသည်ကိုလည်း တွေ့ရှိရပါသည်။ ဤကြေးနီစီမံကိန်းမှ နိုင်ငံတော်အတွက် အကျိုးကျေးဇူးအချို့ ရရှိသော်လည်း ဤမျှကြီးမားသော စီးပွားရေးလုပ်ငန်းမှ နိုင်ငံတော်အတွက် ယခုထက်ပိုမို၍ အကျိုးကျေးဇူး ရရှိသင့်ပါသည်။ ထို့ကြောင့် ဤနည်းလမ်းကိုရွေးချယ်ရန် မသင့်ပါဟုယူဆပါသည်။

(ခ) ကြေးနီစီမံကိန်းအား ဆက်လက်လုပ်ဆောင်ခွင့်မပြုဘဲ ရပ်ဆိုင်းစေမည့်နည်းလမ်း။ ကြေးနီစီမံကိန်းသည် တရုတ်နိုင်ငံအစိုးရ၏ နိုင်ငံပိုင်ကုမ္ပဏီနှင့် စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်သည့်စီမံကိန်းဖြစ်ပါသည်။ မြန်မာနိုင်ငံ ဘက်မှ ကုမ္ပဏီသည်လည်း ကာကွယ်ရေးဝန်ကြီးဌာနမှ ရှယ်ယာ ၄၀% ပါဝင်သည့် ကုမ္ပဏီကြီးဖြစ်ပြီး မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် အခိုင်အမာဆောင်ရွက်ထားသည့် စီးပွားရေးလုပ်ငန်းဖြစ်ပါသည်။ ထိုစီးပွားရေးလုပ်ငန်းကို ဖျက်သိမ်းမည်ဆိုပါက မြန်မာနိုင်ငံသည် ခွင့်ပြုထား သော သဘောတူစာချုပ်ကို လေးစားလိုက်နာခြင်းမရှိဟု ယူဆချက်များပေါ်ပေါက်နိုင်ပါသည်။ ယခုအခါ မြန်မာနိုင်ငံသည် နိုင်ငံခြားအရင်းအနှီး ဖိတ်ခေါ်ပြီး နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်ရန် စီစဉ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားကုမ္ပဏီများအနေဖြင့် ရင်းနှီးမြှုပ် နှံလိုစိတ် လျော့နည်းသွားနိုင်ပါသည်။ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မှ ကြည့်လျှင်လည်း နှစ်နိုင်ငံဆက်ဆံရေးတွင် ပြေလည်မှုမရှိသည့် အခြေအနေများ ပေါ်ပေါက်လာနိုင်ပါသည်။ ထိုအချက် အလက်များကို ခြုံငုံကြည့်မည် ဆိုပါက ကြေးနီလုပ်ငန်းအား တစ်ဖက်သတ် ရပ်စဲမှုပြုရန်မသင့်ဟု ယူဆပါသည်။ ထို့အပြင် လက်ပံတောင်း တောင်ကြေးနီသတ္တုတွင်းစီမံကိန်းအား ရပ်ဆိုင်းခြင်းအားဖြင့် ဒေသခံပြည်သူများအတွက် ဒေသခံပြည်သူ များ အတွက် အကျိုးကျေးဇူးဖြစ်ထွန်းမည့် အလားအလာများ ရပ်တန့်သွားရုံမက ပတ်ဝန်းကျင် ပြန်လည်ပြုပြင် ရေးအတွက်လည်း အခက်အခဲများစွာ ရှိလာနိုင်မည်ဟုယူဆပါသည်။

(ဂ) ကြေးနီစီမံကိန်းနှင့်ပါတ်သက် လေ့လာတွေ့ရှိသော အားနည်းချက်များကို ပြုပြင်စေကာ နိုင်ငံတော်၏ အကျိုးစီးပွား၊ ဒေသခံလူထု၏အကျိုးစီးပွား၊ အနာဂါတ်မျိုးဆက်အတွက် အကျိုးစီးပွားတို့ကို ပြည့်ဝစွာရရှိစေရန် အစီအမံများချမှတ်ပြီး စီမံကိန်းကို ဆက်လက်လုပ်ဆောင်စေမည့်နည်းလမ်း။ ကော်မရှင်အနေဖြင့် ဤနည်းလမ်းသည်သာ အသင့်လျော်ဆုံးဟု အကြံပြုပါသည်။ အဆိုပါနည်းလမ်းကို အကောင်အထည်ဖော်မည် ဆိုပါက အောက်ပါတို့ကိုလုပ်ဆောင်ရန်လိုအပ်ပါမည်-

(၁) ကြေးနီစီမံကိန်း အကောင်အထည်ဖော်ခြင်းကြောင့် နိုင်ငံတော်တွင် စီးပွားရေးအရ ရရှိသည့် အကျိုးအမြတ်ကို ယခုထက်ပိုမို ပြည့်ဝစွာရရှိစေရန် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင်ကုမ္ပဏီတို့က တည်ဆဲဥပဒေများနှင့်အညီ သတ္တုတွင်းဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊

(၂) ကြေးနီစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုများနှင့်အညီ ဆောင်ရွက်စေခြင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုစီးပွားဆိုင်ရာ သက်ရောက်မှုအကဲဖြတ်ဆန်းစစ်ခြင်း အစီရင်ခံစာ (Environmental and Social Impact Assessment-ESIA)၊  ပတ်ဝန်းကျင်ဆိုင်ရာ စီမံခန့်ခွဲမှုစီမံချက် (Environmental Management Plan-EMP) လုပ်ငန်းခွင် ကျန်းမာရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ စီမံခန့်ခွဲမှုစနစ် (Occupational Health and Safety Assessment System-OHSAS) တို့ကိုစနစ်တကျရေးဆွဲပြီး အကောင်အထည်ဖော်ဆောင်ရွက်စေရန်၊

(၃) ကြေးနီစီမံကိန်းတွင် မြေသိမ်းဆည်းခံထားရသော ဒေသခံလူထုအတွက် ပေးအပ်သော မြေလျော်ကြေး တို့သည် ကာလတန်ဖိုးထက်များစွာ လျော့နည်းနေရာ ကာလတန်ဖိုးအတိုင်း ပြင်ဆင်၍ ထပ်မံတိုးပေးရန်၊

(၄) သိမ်းဆည်းထားသော မြေပမာဏသည် လိုအပ်သည်ထက်ပိုမိုသိမ်းဆည်းခြင်း ရှိ / မရှိ စိစစ်ပြီး လိုအပ် သည့်ပမာဏကိုသာ သိမ်းဆည်းပြီး ကျန်မြေတို့ကို ကျေးရွာလူထုသို့ ပြန်လည်ခွဲဝေပေးရန်အတွက် စဉ်းစားပေး ရန်၊ အချို့နေရာများကို စိုက်ပျိုးမြေအဖြစ် ပြန်လည်သုံးစွဲနိုင်ရေးအတွက် စဉ်းစားလုပ်ဆောင်ပေးရန်၊

(၅) လယ်ယာဆုံးရှုံးသူ ဒေသခံလူထုအတွက် လူမူရေး၊ ကျန်းမာရေး လိုအပ်ချက်တို့ကို ဝမ်ပေါင်ကုမ္ပဏီ အနေဖြင့် ထိရောက်စွာ ပံ့ပိုးဆောင်ရွက်ပေးရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်စေရန် ကုမ္ပဏီတွင် အလုပ်ခန့်ထားပေးသည့်အပြင် အသေးစားနှင့်အလတ်စားလုပ်ငန်းများ (SME) ထူထောင်ပေးရန်၊

(၆) လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းခေါ်သောနေရာနှင့် ၎င်းအပေါ်ရှိ စေတီ၊ သိမ်၊ ကျောင်း စသည့် ဗုဒ္ဓသာသနိက အဆောက်အအုံများသည် သတ္တုသိုက်တည်ရှိရာ အဓိကနေရာဖြစ်နေခြင်း၊ သာသနိက အဆောက်အအုံများကို ကွင်းရှောင်ပြီး ကြေးနီသတ္တုတူးဖော်ထုတ်လုပ်မည်ဆိုလျှင်လည်း ယင်းအဆောက်အအုံ များ၏ ကြံ့ခိုင်တည်မြဲမှုကို ဧကန်မုချ ထိခိုက်နိုင်မည်ဖြစ်ခြင်းတို့ကြောင့် အဆိုပါလက်ပံ တောင်းတောင်ကြား တောရစင်္ကြန်ကျောင်း မြေနေရာနှင့် ၎င်းအပေါ်ရှိ ဗုဒ္ဓသာသနိက အဆောက်အအုံများကို လုံးဝထိခိုက် ပျက်စီးစေမှုမရှိဘဲ လက်ရှိအနေအထားများအတိုင်း အခြားသင့်လျော်မည့် နေရာတစ်ခုခုသို့ ပြောင်းရွှေ့ပေးသင့် ကြောင်း သုံးသပ်အကြံပြုအပ်ပါသည်။

၈၆။ ဤအစီအမံများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် မြန်မာစီးပွားရေးဦးပိုင်လီမိတက်နှင့် ဝမ်ပေါင် ကုမ္ပဏီတို့ ချုပ်ဆိုထားသောစာချုပ်အား ပြန်လည်ပြင်ဆင်ချုပ်ဆိုစေပြီး ကြေးနီစီမံကိန်းကို ဆက်လက် အကောင်အထည်ဖော်ဆောင်ရွက်စေသင့်ပါကြောင်း တင်ပြအစီရင်ခံအပ်ပါသည်။

မြေယာသိမ်းဆည်းမှုများအပေါ် ဒေသခံပြည်သူများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးမှုများနှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊

၈၇။ (က) နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားအလို့ငှာ လယ်ယာမြေများကို သိမ်းဆည်းရာတွင် လိုအပ်ချက်အတွက် အတတ်နိုင်ဆုံး၊ အနည်းဆုံးသိမ်းဆည်းရန်ဖြစ်ပါသည်။ ပြည်ထဲရေးဝန်ကြီးဌာန၏ ၃-၈-၂၀၁၂ ရက်စွဲပါ စာအမှတ်၊ ၃၀၀ / ၁-၆ / ဦး ၁(၅၇၁) အမိန့်ကြော်ငြာစာဖြင့် နှစ်ရှည်မြေငှားဂရမ် ထုတ်ပေးရန် ခွင့်ပြုချက်အရလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ၏ ၆-၇-၂၀၀၀ ရက်နေ့တွင် လန(၃၉) ခွင့်ပြုမိန့်အရလည်းကောင်း၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ တောင်ပလူ၊ မိုးကြိုးပြင်၊ ရွာရှည်၊ လက်ပံတောင်း၊ တုံရွာနှင့် ဖောင်းကတာကျေးရွာအုပ်စုရှိ ကွင်း ၁၈ ကွင်းမှ အခြားမြေဧရိယာ ၂၈၁၀ ဧကနှင့် ကွင်း ၁၉ ကွင်းမှ လန(၃၉)ကျပြီး လယ်မြေ ၃၉.၉ ဧက နှင့် ယာမြေ ၅၀၁၇.၁ ဧက စုစုပေါင်း ၅၀၅၇ ဧက၊ အခြားမြေ၊ လယ်မြေနှင့် ယာမြေစုစုပေါင်း ၇၈၆၇ ဧကအား တစ်နှစ်လျှင် မြေငှားရမ်းခ ၂၈၃၂၁၂၀ ကျပ်နှုန်းဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်းလုပ်ငန်း(မုံရွာ)အမည်ဖြင့် အထက်မြန်မာနိုင်ငံ မြေနှင့်အခွန် နည်းဥပဒေ-၅၁-ခ(ဂ)အရ နှစ် ၆၀ မြေငှားဂရမ် ထုတ်ပေးခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်၊ ကြေးနီသတ္တုတွင်းလုပ်ငန်း(မုံရွာ)က နိုင်ငံတော်သို့ မြေငှားရမ်းခများ ပေးသွင်းပြီးဖြစ်သဖြင့် ၇-၉-၂၀၁၂ ရက်နေ့မှ ၆-၉-၂၀၇၂ ရက်နေ့အထိ နှစ် ၆၀ မြေငှားဂရမ်ကို မုံရွာခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ထုတ်ပေးခဲ့ကြောင်း ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများ၏ ထွက်ဆိုချက်များ အရ တွေ့ရှိရပါသည်။

(ခ) ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြးနီစီမံကိန်းလုပ်ငန်းအတွက် ကျေးရွာ ၂၆ ရွာမှ လယ်ယာမြေများ သိမ်းဆည်းနိုင်ရေးအတွက်လည်းကောင်း၊ စီမံကိန်းအတွင်း ကျရောက်သည့်ကျေးရွာများ ပြောင်းရွှေ့နိုင်ရေးအတွက်လည်းကောင်း၊ မြို့နယ်အဆင့်အဖွဲ့များဖွဲ့၍ ဆောင်ရွက်ခဲ့ကြောင်း၊ ထို့အပြင် ကျေးရွာ ၄ ရွာပြောင်းရွှေ့ရေးအတွက်လည်း ရပ်မိ ရပ်ဖများ၊ ကျောင်းထိုင်ဆရာတော်များ၊ မြို့နယ်သံဃနာယက အဖွဲ့ဝင်ဆရာတော်များကို မိုင်းမြို့ဦး ကျောင်းတွင် ပင့်ဖိတ်၍ လျှောက်ထားဆောင်ရွက်ခဲ့ကြောင်း၊ ကျေးရွာ ၄ ရွာ မြေနေရာအား ရွာသူရွာသားတို့၏ ဆန္ဒနှင့်အညီ ရှေးဦးစွာ ပုသိန်-မုံရွာ ကားလမ်းမဘေး၊ မိုးကြိုးပြင်တောင်ရွာအနီး ရွေးချယ်ခဲ့ပါသည်။ အများစုက သဘောမတူသဖြင့်ထပ်မံရွေးချယ်ခဲ့ရာ ကံတော ကျေးရွာအတွက် ရွာရှည်ကျေးရွာအုပ်စု၊ ကွင်းအမှတ် ၇၆၃-က၊ ဦးပိုင်ပေါင်း ၂၂ ခု၊ မြေဧရိယာ ၅၀.၆၅ ဧကအားလည်းကောင်း၊ ဆည်တည်း၊ ဇီးတောကျေးရွာများအတွက် တုံကျေးရွာအုပ်စု၊ ကွင်းအမှတ်-၇၅၈၊  ဦးပိုင်ပေါင်း ၄၆ ခု၊ မြေဧရိယာ ၅၅ ဒသမ ၀၄ ဧကကို ရွေးချယ်ပေးခဲ့ကြောင်း တွေ့ရှိရပါသည်။ ထို့နောက် ယာမြေပိုင်ရှင်တောင်သူများကို လျော်ကြေးပေးချေခြင်း၊ မြေသိမ်းဆည်းခြင်းလုပ်ငန်းများကို မြေယာလုပ်ထုံး လုပ်နည်းနှင့်အညီ တင်ပြ၍ လန(၃၉) ခွင့်ပြုမိန့်ရရှိရေး ဆောင်ရွက်ခဲ့ပြီး လက်ပံတောင်း တောင်ကြားရှိ တောင်ကြားဘုန်းတော်ကြီးကျောင်းအား တောင်ပလူရွာအနီး မြေဧက ၇ ဒသမ ၆၀ ဧကခန့်ရှိသည့်နေရာသို့ ဆရာတော်များ၏ ဆန္ဒအရပြောင်းရွှေ့ ဆောက်လုပ်ပေးခဲ့ရာ စေတီ ၁ ဆူ၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ဇရပ် ၂ ခု၊ ဂန္ဓကုဋိတိုက် ၁ လုံး၊ ဆွမ်းစားဆောင် ၁ ဆောင်၊ ဆွမ်းချက်ဆောင် ၁ ဆောင်၊ ဓမ္မာရုံ ၁ ခု၊ ကမ္မဋ္ဌာန်းတိုက် ၂ တိုက်၊ သိမ် ၁ ခု၊ အုတ်တံတိုင်းနှင့် မုခ်ဦးတို့အပါအဝင် စုစုပေါင်း ကုန်ကျစရိတ် ၂၄၄၀၈၄၃၇၀ ကျပ်ဖြစ်ကြောင်းနှင့် မြေအားသာသနာ့မြေအဖြစ် အသုံးပြုနိုင်ရန် လုပ်ထုံးလုပ်နည်းနှင့်အညီ တင်ပြဆောင်ရွက် ထားပြီးဖြစ်ကြောင်း တွေ့ရှိရပါသည်။ ကျေးရွာမြေနှင့် လယ်တီဘုန်းကြီးကျောင်း သာသနာ့မြေများအဖြစ် သတ်မှတ်နိုင်ရေး တင်ပြ ဆောင်ရွက်ခဲ့ကြောင်း၊ လယ်ယာမြေများကိုလည်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာနနှင့် ဌာနဆိုင်ရာများပါဝင်သော စာရင်းကောက်ယူရေးအဖွဲ့များဖွဲ့စည်းပြီး ကွင်းဆင်း ကောက်ယူ ခဲ့ကြောင်း သိရှိရပါသည်။

(ဂ) မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအတွက် မြေဧရိယာ ၇၈၆၇ ဧက (လယ်ယာစိုက်ပျိုးမြေ ၅၀၅၇ ဧက၊ စိုက်ပျိုးခြင်းမပြုသည့် အခြားမြေ ၂၈၁၀ ဧက)ကို သိမ်းဆည်းပေးရာတွင် မြေနှင့်အခွန်ဥပဒေအရလည်းကောင်း၊ ၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေအရလည်းကောင်း၊ လယ်ယာ စိုက်ပျိုးမြေများအတွက် မြေယာနှင့်သီးနှံလျော်ကြေးများကို မြို့နယ်လျော်ကြေးပေးချေရေးအဖွဲ့မှ တွက်ချက် တင်ပြစေပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ အတည်ပြုချက်ဖြင့်မြေခွန်တော် ၁၂ ဆ မှ ၂၀ ဆ၊ သီးနှံထွက်ရှိမှု၏ ၃ ဆ ဖြင့် မြေနှင့်သီးနှံလျော်ကြေးငွေစုစုပေါင်း ၃၇၀၆ ဒသမ ၈၃ သန်း၊ ထန်း၊ မန်ကျည်း၊ သရက်နှင့် သနပ်ခါး စသည့် နှစ်ရှည်ပင်များအတွက် လျော်ကြေးငွေ စုစုပေါင်း ၃၄၈ ဒသမ ၀၉ သန်းနှင့် ကျေးရွာသစ်များသို့ ပြောင်းရွှေ့နေထိုင်သူများအတွက် ပြောင်းရွှေ့စရိတ်နှင့် အိမ်ဆောက်လုပ်ပေးခြင်းအတွက် ၂၀၄ ဒသမ ၉၉၇ သန်း တို့ကိုပေးခဲ့ရာ တောင်သူများမှာ လျော်ကြေးငွေလက်ခံခဲ့ပြီး ဖြစ်ကြောင်း၊ သို့သော် လည်း မြန်မာ-ဝမ်ပေါင်ကုမ္ပဏီလီမိတက်မှ တည်ဆောက်ပေးခဲ့သည့် နေအိမ်အဆောက်အအုံတို့သည် သတ်မှတ်အဆင့် အတန်းမမီဘဲ အရည်အသွေးနိမ့်ကျခြင်း၊ ပြောင်းရွှေ့နေထိုင်သူများမှာ မြို့ပြပုံစံအရ မြေကွက်များနှင့် မြို့များ တွင်နေထိုင်ရခြင်း၊ ကျေးလက်ပုံစံအရ ကျွဲ၊ နွား များထားရန် တင်းကုပ် များအတွက် မြေနေရာ လိုအပ်ခြင်း၊ ကျွဲ၊ နွား များလွတ်ကျောင်းရန်နေရာလိုအပ်ခြင်းတို့အပေါ် မကျေနပ်မှုများ ဖြစ်ပေါ် လျက်ရှိကြောင်း၊ လျော်ကြေးငွေ များပေးချေရာတွင် အများပြည်သူအမြင်ရှင်းစေရန်၊ ပွင့်လင်းမြင်သာမှု (transparency) ရှိစေရန် ဆောင်ရွက် ခဲ့မှုအားနည်းကြောင်း၊ သတင်းအချက်အလက်ရရှိရန် အခွင့်အလမ်း အားနည်းသူအများစုဖြစ်သော ဒေသခံတို့ အား မြေယာသိမ်းယူမှု၊ လျော်ကြေးပေးလျော်မှုတို့နှင့်စပ်လျဉ်း၍ ရှင်းရှင်းလင်းလင်းအသိပေး ပြောကြားခဲ့

ခြင်း မရှိကြောင်း

၊ မြေနှင့်သီးနှံလျော်ကြေးငွေပေးရန်ဟု ကြေညာခဲ့ပြီး မြေပိုင်ရှင်လက်မှတ်ထိုးရသည့် စာရွက်စာတမ်း တွင်မှု မြေယာအားစွန့်လွှတ်ကြောင်းနှင့် လျော်ကြေးငွေရရှိကြောင်းဟု ရေးထားကြောင်း စသည့် ရှေ့နောက် မညီညွတ်မှုများ (Inconsistencies) ရှိခဲ့ကြောင်း ကွင်းဆင်းစစ်ဆေးချက်များအရ စိစစ်တွေ့ရှိရပါ သည်။

(ဃ) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေတွင် လယ်ယာမြေများကိုသိမ်းဆည်းရာတွင် အောက်ပါနှုန်း ထားများအတိုင်း လျော်ကြေးငွေပေးချေခဲ့ကြောင်း လေ့လာသိရှိရပါသည်-

(၁) မြေလျော်ကြေး

 

 

 

 

 

 

 

 

ပထမတန်းစား (R1)                                 ၈၀ ကျပ်

ဒုတိယတန်းစား (R2)                                 ၄၅ ကျပ်

တတိယတန်းစာ (R3)                                ၃၅ ကျပ်

ပထမတန်းစား၊ တောင်ယာမြေ (Y1)                ၂၅ ကျပ်

ဒုတိယတန်းစား၊ တောင်ယာမြေ (Y2)

၁၅ ကျပ်

တတိယတန်းစား၊ တောင်ယာမြေ (Y3)

 

 

 

 

 

 

 

 

 

 

 

 

 

 

 

၅ ကျပ်

(၂) သီးနှံလျော်ကြေး

သရက်ပင်(တစ်ပင်လ

ျှင်)                                   ၁၆၀၀၀ ကျပ်

ထန်းပင် (တစ်ပင်လျှင်)                               ၁၀၀၀၀ ကျပ်

နှမ်း(၁ ဧကလျှင်)တန်ဖိုး၏ (၃)ဆ                             ၅၅၂၀၀၀ ကျပ်

ပဲစင်းငုံ (၁ ဧကလျှင်) တန်ဖိုး၏ (၃)ဆ             ၅၄၀၀၀၀ ကျပ်

နေကြာ (၁ ဧကလျှင်) တန်ဖိုး၏(၃)ဆ              ၅၂၅၀၀၀ ကျပ်

(င) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ၁၈၉၄ ခုနှစ်၊ မြေသိမ်းဥပဒေအရ လယ်၊ ယာမြေတစ်ဧကလျှင် မြေခွန်ငွေ x ၂၀ဆ နှုန်းဖြင့်သာ မြေလျော်ကြေးပေးထားပြီးဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ တစ်ဧကလျှင် ၂၅ပြားမှ ၁ ကျပ် ၂၅ပြားအထိ မြေခွန်ကောက်ခံသည့် ယာမြေများအတွက် မြေလျော်ကြေးကို ၅ကျပ်မှ ၂၅ကျပ်ခန့်ဖြင့်လည်းကောင်း၊ တစ်ဧကလျှင် ၁ ကျပ်မှ ၂ကျပ် ၂၅ပြားအထိ ကောက်ခံသော လယ်မြေများ အတွက် မြေလျော်ကြေးကို ၂၀ကျပ်မှ ၄၅ကျပ်ခန့်ဖြင့် လည်းကောင်း ပေးအပ်ထားသည်ကို တွေ့ရပါသည်။ အထက်ဖော်ပြဇယားပါ မြေနှင့်သီးနှံလျော်ကြေးပေးအပ်မှုအခြေအနေကို လေ့လာကြည့်ပါက လက်ပံတောင်း တောင် ကြေးနီစီမံကိန်းတွင် မြေနှင့်သီးနှံလျော်ကြေးပေးအပ်မှု အခြေအနေမှာ မြေ၏ ကာလတန်ဖိုး (Market Value)ဖြင့် မြေလျော်ကြေးမပေးခဲ့သဖြင့် မြေလျော်ကြေးပေးအပ်မှုမှာ အလွန်နည်းပါး နေကြောင်း သုံးသပ် တွေ့ရှိရပါသည်။

(စ) လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဧရိယာအတွင်းပါဝင်သော လယ်မြေ၊ ယာမြေများအတွက် လျော်ကြေးငွေ ပေးအပ်ရန်ကိစ္စနှင့်ပတ်သက်၍ စီမံကိန်းဧရိယာနှင့် အနီးစပ်ဆုံးကျေးရွာများမှ လယ်သမား များကို ကွင်းဆင်းစုံစမ်းမေးမြန်းခဲ့ရာ ၎င်းတို့၏ထွက်ဆိုချက်များအရ မြေ၏ကာလတန်ဖိုး (Market Value) မှာ အောက်ပါအတိုင်းတွေ့ရှိရပါသည်။

တစ်ဧကနှုန်း (ကျပ်သိန်း)

(၁)

 

(၁)နှစ် (၂)သီးစိုက် ဆည်ရေသောက်                                           ၁၅

(၂) (၁)နှစ် (၂)သီးစိုက် မြစ်ရေတင်                                                       ၁၅

(၃) မိုးကောင်းသောက်လယ်                                                               ၁၂

(၄) (၁)နှစ် (၂)သီးစိုက်ယာ                                                                ၁၀

(၅) (၁)နှစ် (၁)သီးစိုက်ယာ(ဦးပိုင်ပေါက်)                                                ၇

(၆) (၁)နှစ် (၁)သီးစိုက်ယာ(ဦးပိုင်မပေါက်)                                               ၅

(ဆ) အကြံပြုချက်များ

(၁) လယ်ယာမြေသိမ်းဆည်းခံရသူများ၊ ကျေးရွာပြောင်းရွှေ့ခံရသူများအတွက် တည်ဆဲဥပဒေ(၁၈၉၄ ခုနှစ်၊ မြေသိမ်းအက်ဥပဒေပုဒ်မ ၄ (၁)၊ ပုဒ်မ ၁၅၊ ပုဒ်မ ၂၃ (၁)) တို့အရ အမိန့်ကြော်ငြာစာထုတ်ပြန်သည့်နေ့တွင် ထိုမြေ၏ ကာလတန်ဖိုး (Market Value) ဖြင့် မြေလျော်ကြေးပေးအပ်ခဲ့ခြင်းမရှိကြောင်း စိစစ်တွေ့ရှိရသဖြင့် အမှန်တကယ် စိုက်ပျိုးထားသော လယ်မြေ ၃၉ ဒသမ ၉ ဧက၊ ယာမြေ ၅၀၁၇ ဒသမ ၁ ဧကနှင့် ဦးပိုင်မပေါက်သော်လည်း

 

စိုက်ပျိုးထားမြေ ၁၇၂၇ ဧက၊ စုစုပေါင်း ၆၇၈၄ ဧက ကို သင့်တော်သော ကာလပေါက်ဈေးနုန်းဖြင့်ပြန်လည်ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

(၂) ယင်းရွာများပတ်ဝန်းကျင်တွင် မြေလွတ်၊ မြေလပ် ၁၉၀၀ ဧကခန့်ရှိသဖြင့် စိုက်ပျိုးနိုင်သောမြေဖြစ်အောင် ဖော်ထုတ်ပြုပြင်၍ လယ်ယာမြေဆုံးရှုံးမှုများအတွက် အစားထိုးပြန်လည်ချထားပေးသင့်ပါကြောင်း အကြံပြုအပ် ပါသည်။

(၃) စီမံကိန်းလုပ်ငန်းအတွက် အမှန်တကယ်လိုအပ်မည့် မြေဧရိယာပမာဏကိုသာ အတတ်နိုင်ဆုံး

အနည်းဆုံးသိမ်းဆည်းရန်

 

ပြဋ္ဌာန်းထားသည့် မြေသိမ်းဥပဒေနှင့်အညီလိုက်နာသင့်ပါကြောင်း အကြံပြုအပ် ပါသည်။

(၄) ရရှိခဲ့သည့် မြေနှင့်သီးနှံလျော်ကြေးငွေများ၊ ရွှေ့ပြောင်းစရိတ်၊ ထောက်ပံ့ငွေများကို တောင်သူများမှ သုံးစွဲခဲ့ပြီးဖြစ်ခြင်း၊ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတွင် အချို့သောရွာသူ၊ ရ

ွာသားများကို အလုပ်ခန့်ထားခဲ့သော်လည်း မိသားစုစားဝတ်နေရေးမလုံလောက်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းနည်းပါးခြင်းတို့ကြောင့် အလုပ်အကိုင် ရရှိပြီး ဝင်ငွေများရရှိစေနိုင်သည့် တစ်နိုင်တစ်ပိုင်စီးပွားရေး

 

လုပ်ငန်းများ၊ အိမ်တွင်းစက်မှု၊ လက်မှုလုပ်ငန်းများ အပါအဝင် ကိုယ်ပိုင်လုပ်ငန်း အခွင့်အလမ်းများ အမြန်ထူထောင်ပေးသင့်ကြောင်းနှင့် နည်းလမ်းမျိုးစုံဖြင့် ပံ့ပိုးပေးခြင်းများ ဆောင်ရွက်ပေးသင့်ပါကြောင်း အကြံပြုအပ်ပါသည်။

ဥပဒေစိုးမိုးရေးဆိုင်ရာအကြံပြုချက်များ

၈၈။ (က) ခေတ်စနစ်ပြောင်းလဲမှု တွေ့ကြုံရသည့်အခါ တည်ဆဲဥပဒေပါ ပြဋ္ဌာန်းချက်များကို ပြင်ဆင်ခြင်း၊ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း အစားထိုးခြင်းနှင့် အသစ်ပြဋ္ဌာန်းပေးရခြင်းများလည်း ပြုလုပ်ရပါမည်။

(ခ) ပြည်ထောင်စုသမ

္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၅၃ တွင်”ဤ ဖွဲ့စည်းပုံအခြေခံဥပဒေပါ

စကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် တည်ဆဲစကားရပ်များ အနက်အဓိပ္ပာယ်ဖွင့်ဆိုရေး ဥပဒေကို ကိုးကားရမည်”ဟုပြဋ္ဌာန်းထားပါသည်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့၏ ဥပဒေအမှတ် (၈/၈၈)နှင့် ပြည်ထဲရေးနှင့်သာသနာရေးဝန်ကြီးဌာန၏ ၁၉၈၉ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၂/၈၉) အရ စကားရပ်များ အစားထိုးသည့် ဥပဒေ၊ နည်းပညာ၊ လက်စွဲ၊ အမိန့်ဆင့်ဆိုချက်၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်ပါ လုပ်ပိုင်ခွင့်များကို ”စကားရပ်များအစားထိုးသည့်ဥပဒေ” အရ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈၊ ၁၂၉၊ ၁၃၃၊ ၁၄၃၊ ၁၄၄၊ ၁၄၅၊ ၁၄၆၊ ၁၄၇ စသည်တို့ကို ကျင့်သုံးရန်အတွက် ပြည်ထဲရေးဝန်ကြီးဌာန၊ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီး / ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့ကို အာဏာအပ်နှင်းထားပါသည်။ ယင်းသို့ အပ်နှင်းထားသည့်အာဏာကိုကျင့်သုံး

၍ ဆားလင်းကြီးမြို့နယ်၊ အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ခဲ့ခြင်းဖြစ်ပါသည်။

(ဂ) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည့်ဖြစ်စဉ်

 

 

 

 

 

(၁) တွေ့ရှိချက်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဧရိယာတွင် ကန့်သတ်ဧရိယာကို ပုဒ်မ ၁၄၄ ထုတ်ပြန်ခြင်းအား ၁၉၅၃ ခုနှစ်၊ လယ်ယာမြေနိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေအရ လ/န-၃၉ ခွင့်ပြုမိန့်ကျပြီးနောက် ၂လ တစ်ကြိမ်ဖြင့် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီကာလမှ စတင်၍ ယနေ့အချိန်ထိ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ထုတ်ပြန်ခဲ့ကြောင်း၊ နောက်ဆုံးအကြိမ်အနေဖြင့် ၂၀၁၃ ခုနှစ်၊ ဇ

န်နဝါရီလ ၁ ရက်နေ့မှ စတင်ထုတ်ပြန်ခဲ့ရာ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိဖြစ်ကြောင်း တွေ့ရှိရပါသည်။ ယခင်က သတ္တုမိုင်းဧရိယာအတွင်း သတ္တုများခိုးယူတူးဖော်မှုကြောင့် မြေပိသေဆုံးခြင်း၊ ခိုင်ရန်ဖြစ်ပွား၍ ဒဏ်ရာရရှိခြင်း စသည်များကြောင့် သတ္တုမိုင်းနယ်မြေဧရိယာအား ပုဒ်မ-၁၄၄ ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါကြောင်း သိရှိရပါသည်။ ထိုနောက်ပိုင်းတွင် မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ-ဝမ်ပေါင်ကုမ္ပဏီတို့ စာချုပ်ချုပ်ဆိုပြီး ဆောင်ရွက်ခဲ့ရာ ဒေသခံ ရွာသူ/ရွာသားများ၏ ဘေးအန္တ

 

ရာယ် ကင်းရှင်းရေး၊ စက်ယန္တရားများ၏ လုံခြုံရေး၊ နိုင်ငံခြားသားများ၏လုံခြုံရေး စသည်တို့ကြောင့် ဆက်လက်၍

ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ကြောင်းသိရှိရပါသည်။

(၂) အကြံပြုချက်။ ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ သည် အများပြည်သူလုံခြုံရေး၊ ရပ်ရွာအေးချမ်း သာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် စည်းကမ်းသေဝပ်တည်ငြိမ်ရေးတို့ကို ပျက်ပြားစေမည့်လုပ်ရပ်များကို တားဆီးသည့်အမိန့် ထုတ်ပြန်ခြင်းဖြစ်၍ အခြေအနေအရ ဆက်လက်ထုတ်ပြန်သင့်ပါကြောင်း အကြံပြုအပ် ပါသည်။

(ဃ) ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ-၁၂၇၊ ၁၂၈ ထုတ်ပြန်ခဲ့သည့်ဖြစ်စဥ

ပြစ်မှုဆိုင်ရာကျင့်ထုံးဥပဒေ ပုဒ်မ ၁၂၇၊ ၁၂၈ များသည်လည်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသည့် ဧရိယာအတွင်း ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေးကို လူစုခွဲရန် အမိန့်ပေးခြင်း၊ ယင်းသို့ အမိန့်ပေးသော်လည်း လူစုခွဲမည့်အခြေအနေမရှိလျှင် လူစုခွဲရေးအတွက်ဖြစ်စေ၊ ပါဝင်သူများအား တရားဥပဒေအရ အရေးယူနိုင်ရန် ဖမ်းဆီးရေးအတွက်ဖြစ်စေ၊ ရဲတပ်ဖွဲ့အင်အားသုံး၍ ဆောင်ရွက်ခြင်းဖြစ်ရာ နိုင်ငံတကာ အဓိကရုဏ်းနှိမ်နင်းရေး စံချိန်နှင့်အညီ ဆက်လက်ထားရှိကျင့်သုံးသင့်ပါကြောင်းအကြံပြုအပ်ပါသည်။

စီမံကိန်းနှင့်ဆက်နွှယ်၍ စိစစ်ရန်လိုသည်ဟု ကော်မရှင်ကယူဆသောအကြောင်းအရာများ

 

 

၈၉။ စီမံကိန်းဧရိယာတွင် ဆန္ဒပြနေသူများအား ရဲတပ်ဖွဲ့မှ ဖြိုခွဲသည့်ကိစ္စသည် စီမံကိန်းနှင့်ဆက်နွှယ်၍ စိစစ်ရန်လိုအပ်သည်ဟု ကော်မရှင်မှ ယူဆပါသည်။ ထိုသို့စိစစ်ရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ဆောင်ရွက်ချက် နှင့်ဖြစ်စဉ်များကို လေ့လာရန်လိုအပ်ပါသည်။

ပုဒ်မ-၁၄၄ ထုတ်ပြန်ထားသည့်စီမံကိန်းဧရိယာ၊ ကန့်သတ်နယ်မြေအတွင်းဆူပူဆန္ဒပြမှုအပေါ် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ဆောင်ရွက်ချက်

 

 

 

၉၀။ (က) သတ္တုတွင်းနယ်မြေအဖြစ်သတ်မှတ်ထားသော လက်ပံတောင်းတောင်ကြေးနီစီမံကိန်း နယ်မြေ ကန့်သတ်ဧရိယာအတွင်းတွင် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေစဉ် ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ ကျေးရွာအချို့မှ ရွာသူ၊ ရွာသားများသည် စီမံကိန်းလုပ်ငန်းဆက်လက်မပြုလုပ်ရန် ဝင်ရောက်ဟန့်တားမှုများ စတင်ပြုလုပ်ခဲ့ကြပါသည်။ အစပိုင်းတွင် မိမိတို့ဘဝလုံခြုံရေးအတွက် မြေယာ လျော်ကြေးရရှိရေး၊ ကျေးရွာများမပြောင်းရွှေ့ရေးကိုသာ တောင်းဆိုခဲ့ကြပါသည်။ နောက်ပိုင်းတွင် လူမှုအဖွဲ့ အစည်းများရောက်ရှိလာကာ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု(EIA)၊ လူမှုဘဝထိခိုက်မှု(SIA)၊ ပွင့်လင်း မြင်သာမှု(Transparency) စသည့် ကိစ္စရပ်များပါဝင်လာပြီး

စီမံကိန်းတစ်ခုလုံးကို ရပ်ဆိုင်းရန် တောင်းဆို မှုများ ပြုလုပ်ခဲ့ကြပါသည်။ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ဒေသခံတောင်သူများ၏လိုအပ်ချက်များကို တွေ့ဆုံ ညှိနှိုင်းရန် ကြိုးစားခဲ့သော်လည်း တာဝန်ရှိသူများအပိုင်းမှ ချဉ်းကပ်ပုံ၊ ချဉ်းကပ်နည်းမှားယွင်းမှု၊ စကားအပြော အဆိုရင့်သီးမှု၊ ဒေသခံပြည်သူများအပိုင်းမှလည်း စိတ်ဓာတ်အရှိန်ပြင်းထန်နေမှု စသည်တို့ကြောင့် အခြေ အနေမှာ ပိုမိုဆိုးရွားလာခဲ့ပါသည်။

(ခ) အထူးသဖြင့် လူစုလူဝေးဖြစ်နေသော ဒေသခံများသည် သတ္တုတွင်းဧရိယာ အတွင်းပိုင်းသို့ ကျူးကျော် ဝင်ရောက်ခြင်း၊ စီမံကိန်းတာဝန်ထမ်းဆောင်နေသည့် တရုတ်ပညာရှင် ၂ ဦးနှင့် စကားပြန် ၁ ဦးတို့အား အတင်းအဓမ

္မခြိမ်းခြောက်၍ ဆည်တည်းရွာဘုန်းကြီးကျောင်း သို့ခေါ်ဆောင်သည်အထိဖြစ်ခဲ့ပါသည်။ အဆိုပါ လူစုလူဝေးသည် ပညာရှင် ၂ ဦးအား နံနက် ၁၀ နာရီမှ ညနေ ၆ နာရီအထိ ထိန်းသိမ်းထားခဲ့ပါသည်။ ထို့အတူဝက်မှေးကျေးရွာမှ လူစုလူဝေးသည် ရောက်ရှိလာပြီး ခြံဝင်းတံခါးအား နှစ်ကြိမ်တိုင်တိုင် ချိုးဖျက်ကာ စီမံကိန်းနယ်မြေအတွင်းသို့ ဝင်ရောက်ခဲ့ကြပါသည်။ တစ်ချိန်တည်းမှာပင် အခြားပြင်ပအဖွဲ့အစည်းများ၏ ပါဝင်ပတ်သက်မှုများကြောင့် စီမံကိန်းကန့်သတ်နယ်မြေတွင် သပိတ်စခန်း ၆ ခုဖွင့်သည်အထိ ဖြစ်ပေါ်လာခဲ့ ပါသည်။ ၃-၃-၂၀၁၂ ရက်နေ့မှ စတင်၍ ဟန့်တားနှောင့်ယှက်မှု၊ ဆဲဆိုခြိမ်းခြောက်မှု၊ ဖျက်ဆီးမှုများနှင့် ဆူပူဆန္ဒပြမှုများ ၂၅-၁၁-၂၀၁၂ ရက်နေ့အထိ ၁ နှစ်တာကာလအတွင်း ၁၂၄ ကြိမ်ဖြစ်ပေါ်ခဲ့သဖြင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်က တရားလိုပြုလုပ်တိုင်ကြားမှု ၂၂ မူ၊ ရဲတပ်ဖွဲ့က တရားလိုပြုလုပ်အမူဖွင့်မှု ၅ မူ၊ ရွာသူ၊ ရွာသားများက ပြန်လည်အမူဖွင့်မှု ၄ မူ အသီးသီးအပြန်အလှန် အမူဖွင့်အရေးယူခဲ့ကြောင်း တွေ့ရှိရပါသည်။ ယင်းသို့သောအခြေအနေ၌ မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့များရှိ သံဃာတော်အချို့သည်လည်း သပိတ်စခန်းအသီးသီးသို့ အလှည့်ကျဝင်ရောက်လာခဲ့ကြောင်း တွေ့ရှိရပါသည်။

(ဂ) ၂၁-၁၁-၂၀၁၂ ရက်နေ့မှ ၂၃-၁၁-၂၀၁၂ ရက်နေ့အထိ မန္တလေး၊ ပခုက္ကူ၊ မုံရွာမြို့များမှ သံဃာတော်များ အလှည့်ကျ ဝင်လိုက်၊ ထွက်လိုက်ဖြင့် လာရောက်စုဝေးလျက်ရှိရာမှ ပေါက်ပင်ဂိတ်ရှေ့၌ မိုးကာမိုးထား သည့်မဏ္ဍပ်ဖြင့် သပိတ်စခန်း ၁ ခု၊ စွန့်ပစ်မြေစာပုံ ၂၊ မောင်းတံ၌ မိုးကာမိုးထားသည့်မဏ္ဍပ်ဖြင့် သပိတ် စခန်း တစ်ခုဖွင့်လှစ်ကာ သံဃာများနှင့် ရွာသူရွာသားများ နေ့၊ည နေရာယူ ဆူပူဆန္ဒပြခဲ့ကြောင်း တွေ့ရှိ ရပါ သည်။

(ဃ) ၂၇-၁၁-၂၀၁၂ ရက်နေ့ ၂၀း၀၀ အချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာနက ” စီမံကိန်းနယ်မြေအတွင်းသပိတ် စခန်း ၆ ခု ဖွင့်လှစ်၍ ဆန္ဒပြနေသည့် အဖွဲ့အစည်းများအားလုံး ၂၇-၁၁-၂၀၁၂ ရက်နေ့ ၂၄း၀၀ ချိန် နောက်ဆုံးထား ဖယ်ရှားရှင်းလင်းပေးရန်၊ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့်ဖြေရှင်းသွားမည်ဖြစ်ကြောင်း ” မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ကြေညာ ခဲ့ပါသည်။ အဆိုပါကြေညာချက်အရ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူးမှ ၂၇-၁၁-၂၀၁၂ ရက်နေ့ည ၈ နာရီအချိန်တွင် ” လက်ပံတောင်းတောင်ကြေးနီစီမံကိန်း ဖျက်သိမ်းရေးအကြောင်းပြ၍ ဆူပူဆန္ဒပြနေခြင်းအား ည ၁၂ နာရီ နောက်ဆုံးထား၍ လူစုခွဲရန် ” မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ကြေညာခဲ့ပါသည်။ သို့ဖြစ်ပါ၍ ” အမြန်ဆုံး လူစု ခွဲပေးပါရန်နှင့် ဆက်လက်၍ ဆူပူဆန္ဒပြ ပိတ်ဆို့ဟန့်တားနေမည်ဆိုပါက မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တရားဥပဒေ နှင့်အညီ လုပ်ထုံးလုပ်နည်းများအရ ဆောင်ရွက်သွားမည်ဖြစ်သဖြင့် ဥပဒေနှင့် ဆန့်ကျင်သောအစုအဝေးအား ဖျက်သိမ်းဖယ်ရှားပေးပါရန် ” ကြေညာခဲ့ပြီးနောက် ဖြစ်ပေါ်လာသည့် အခြေအနေအရ ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေ ပုဒ်မ-၁၂၇၊ ၁၂၈ တို့အရ ၂၉-၁၁-၂၀၁၂ ရက်နေ့ နံနက် ၀၃း၀၀ အချိန်တွင် လူစုခွဲခဲ့ကြောင်း တွေ့ရှိရပါသည်။

(င) ကျေးရွာလူထုနှင့် သံဃာများအား အဝေးမှခြောက်လှန့်သည့်အနေဖြင့် မျက်ရည်ယိုဗုံးများပစ်၍ ရှင်းလင်းဖယ်ရှားသော်လည်း လူစုခွဲထွက်ခွာမှုမရှိပဲ အင်အားစုစည်းနေသဖြင့် အမှတ် ၁၆ ရဲတပ်ရင်းမှူး ဦးစီးအဖွဲ့မှ အင်အားဖြည့်ကူညီပြီး မီးသတ်ပိုက်နှင့် မီးခိုးဗုံးများသုံးစွဲ၍ အနီးကပ်ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရှိရပါသည်။ လက်ခံရရှိသည့် မီးခိုးဗုံးအလုံး ၁၀၀ အနက် ၅၅ လုံးကို အသုံးပြုခဲ့ကြောင်းသိရှိရပါသည်။

(စ) ထိုသို့ မီးခိုးဗုံးပစ်ခတ်၍ လူစုခွဲသည့်ဖြစ်စဉ်ကြောင့် လူစုကွဲသွားပြီး သပိတ်စခန်းများ၌ တစ်ဦးတစ်မှ မကျန်ရှိတော့ကြောင်း တွေ့ရှိရပါသည်။ ထိုဖြစ်စဉ်ကြောင့် သံဃာတော် ၉၉ ပါး၊ လူ ၉ ဦး စုစုပေါင်း ၁၀၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရပါသည်။

(ဆ) တွေ့ရှိသုံးသပ်ချက်

(၁) မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲချူပ်နှင့် စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးတို့၏ တင်ပြချက်အရ နံနက် ၀၃း၀၀ အချိန်တွင် ဆန္ဒပြမှုများကို ဖယ်ရှားရန် စီမံဆောင်ရွက်ခဲ့ရခြင်းမှာ ထိုအချိန်တွင် သပိတ်စခန်း၌ လူစုလူဝေး အနည်းဆုံးအချိန်ဖြစ်သဖြင့် ထိခိုက်မှုအနည်းဆုံး ဖြစ်စေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ မီးခိုးဗုံးအသုံးပြုခြင်းကို ၂၀၀၇ ခုနှစ်ကလည်း အသုံးပြုခဲ့ဖူးကြောင်း၊ ထိုစဉ်က ယခုကဲ့သို့ မီးလောင်းဒဏ်ရာ ရရှိခြင်းမျိုး မရှိခဲ့ကြောင်း၊ ထိုစဉ်က အသုံးပြုခဲ့သည့် မီးခိုးဗုံးနှင့် ယခုအသုံးပြုခဲ့သော မီးခိုးဗုံးတို့မှာ သက် ရောက်သည့်အာနိသင် ကွဲပြားခြားနားမှုရှိသည်ဟု ထင်မြင်ယူဆကြောင်း ထွက်ဆိုခဲ့သည်ကို တွေ့ရှိရပါ သည်။

(၂) သို့သော် ကော်မရှင်မှ လက်တွေ့စမ်းသပ်စစ်ဆေးချက်များအရ ယင်းမီးခိုးဗုံးများမှာ အာနိသင်ကွဲပြားခြား နားမှုမရှိကြောင်း၊ သို့သော် ကွင်းပြင်တွင် မီးလောင်နိုင်မှုမရှိသော်လည်း ပိုလီယက်စတာ အဝတ်စများ၊ တာပေါ် လင်ခေါ် (Polypropylene) ပလတ်စတစ်မိုးကာစများနှင့်တွေ့ထိပါက မီးလောင်နိုင်ကြောင်း စိစစ်တွေ့ရှိ သုံးသပ်ရပါသည်။ ကော်မရှင်၏တွေ့ရှိချက်ကိုလည်း သီးခြားဖော်ပြထားပါသည်။

(၃)     ရဲတပ်ဖွဲ့ဝင်များသည် မီးခိုးဗုံးနှင့်ပတ်သက်၍ အတွေ့အကြုံအားနည်းခြင်း၊ ထိတွေ့အသုံးပြုခဲ့မှု မရှိခြင်းတို့ကြောင့် ပစ်ခတ်အသုံးပြုရာတွင် သဘောသဘာဝ၊ အကျိုးသက်ရောက်မှုနှင့် ဖြစ်ပေါ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးအန္တရာယ်များကို မသုံးသပ်နိုင်ခြင်း၊ ဖြစ်စဉ်တွင် ဆူပူဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့မှာ နီးကပ်ပြီး လူအုပ်စုနှင့်သံဃာထုမှာ တာပေါ်လင်မိုးကာ အမိုးအောက်မှ ရှောင်ထွက်ခြင်းမပြုဘဲ ထိုင်မြဲထိုင်နေခြင်း၊ အိပ်နေခြင်းတို့ကြောင့် လျင်မြန်စွာထွက်ခွာနိုင်မှုမရှိ၍လည်းကောင်း၊ မဏ္ဍပ်မှာ တာပေါ်လင်မိုးကာစများ မိုးထားသဖြင့် မီးခိုးဗုံးမှထွက်ရှိသော မီးစများကြောင့် မိုးကာစများ အကွင်းလိုက်မီးလောင်ပြီး ပလတ်စတစ် အပူရည်များ ပျော်ကျကာ မဏ္ဍပ်အောက်ရှိ သံဃာတော်များ၏ သင်္ကန်းများ၊ ဂွမ်းစောင်များ၊ မြေယာခင်းများ အပေါ်သို့ ကျရောက်မီးလောင်ခြင်းတို့ ဖြစ်စေခဲ့ကြောင်း တွေ့ရှိသုံးသပ်ရပါသည်။

မီးခိုးဗုံးနှင့်ပတ်သက် ကော်မရှင်၏ စုံစမ်းစစ်ဆေးတွေ့ရှိချက်များ

၉၁။ (က) မီးခိုးဗုံးအသုံးပြုပုံအမျိုးမျိုးနှင့် ၎င်းတို့၏သက်ရောက်မှုများကို ကော်မရှင်အဖွဲ့က သွားရောက် လေ့လာကြည့်ရှုခဲ့ရာ မီးခိုးဗုံးကိုမြေမာ(သို့မဟုတ်) မြေပျော့အပေါ်သို့ လက်ဖြင့် ပစ်ပေါက်သည်ဖြစ်စေ၊ လှိမ့် သည်ဖြစ်စေ အကျိုးသက်ရောက်မှုမှာ အတူတူပင်ဖြစ်ကြောင်း၊ မြေပြင်(သို့မဟုတ်) ပစ်တင်လိုက်သည့်အရာနှင့် ထိထိချင်း မပေါက်ကွဲဘဲ ၄-၆ စက္ကန့်ကြာမှ ပေါက်ကွဲကြောင်း၊ စက္ကန့်ပိုင်းအတွင်း မီးပန်းများဖြာထွက်သကဲ့သို့ ပေါက်ကွဲပြီး မီးခိုးဖြူများပျောက်ကွယ်သွားကြောင်း၊ ပေါက်ကွဲရာတွင် ဗုံးတွင်းမီးစုံးစများ ၈ မီတာ အထိပြန့်ကျဲ နိုင်ကြောင်း၊ အချို့မီးစုံးစအနည်းငယ်သည် ၃၀ စက္ကန့်မှ ၉၀ စက္ကန့်အထိ ဆက်လက်လောင်ကျွမ်းနိုင်ကြောင်းနှင့် မြေမာပေါ်သို့ပစ်ပေါက်သည့်အခါ မကွဲသည့်ဗုံးလည်းရှိကြောင်း တွေ့ရှိရပါသည်။

(ခ) မီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာအတွင်းတွင် လောင်ကျွမ်းလွယ်သည့်အရာများ ဥပမာ- ပိုလီယက်စတာ အဝတ်စများ၊ ပလတ်စတစ်မိုးကာစ(Polypropylene)များနှင့် မြွေရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည်ဖြစ်စေ ပေါက်ကွဲသည့်အရှိန်ကြောင့် မီးစုံးစများထိမှန်ပါက မီးလောင်နိုင်ကြောင်း တွေ့ရှိရပါသည်။

(ဂ)     ပလတ်စတစ်မိုးကာ(Polypropylene) တဲပေါ်သို့ မီးခိုးဗုံးတိုက်ရိုက်ကျရောက်ပြီး ပေါက်ကွဲသည့်အခါ ပေါက်ကွဲမှုကြောင့် မီးဖြာထွက်ခြင်းနှင့်အတူ မီးလောင်လွယ်သည့် ပစ္စည်းဖြစ်သည့်အလျောက် ပလတ်စတစ မိုးကာ(Polypropylene)တွင် အပေါက်ကြီးများဖြစ်သွားပြီး ဆက်လက်လောင်ကျွမ်းသည်ကို တွေ့ရှိရပါသည်။ အလွန်ပြင်းထန်သော အပူရှိန်ကြောင့် ပလတ်စတစ်မိုးကာ (Polypropylene)  အရည်ပျော်ကာ အောက်သို့ကျ ၍ ဆက်လက်လောင်ကျွမ်းနိုင်ပါသည်။ အောက်တွင်လောင်စာပိတ်များရှိပါက ရေစိုသည်ဖြစ်စေ၊ ရေမစိုသည် ဖြစ်စေ မီးကူးစက်၍ လောင်ကျွမ်းနိုင်ပါသည်။ ဓာတုဗေဒချည်မျှင်ပါ ပိတ်စများသည် ချည်စ (Cotton) များထက် မီးလောင်နှုန်းပိုမိုမြန်ပြီး လောင်ကျွမ်းချိန်လည်း ပိုမိုကြာမြင့်သည်ကို တွေ့ရှိရပါသည်။

(ဃ)    မီးခိုးဗုံးအများအပြား အသုံးပြုခဲ့လျှင်သော်လည်းကောင်း၊ မီးလောင်လွယ်သည့် ပစ္စည်းများ၊ အဝတ်အစားများ ၈ မိတာအတွင်း ရှိခဲ့လျှင်သော်လည်းကောင်း မီးကူးစက်လောင်ကျွမ်းမည်ဖြစ်ကြောင်း တွေ့ရှိ ရပါသည်။

(င)     မီးခိုးဗုံးအများအပြားကို တစ်ချိန်တည်းတွင် အသုံးပြုပါက မီးတောက်မီးလျှံများ ကြီးမားပြီး ပတ်ဝန်း ကျင်ရှိ လောင်စာ အမျိုးအစားပေါ်မူတည်၍ ပြင်းထန်ကြာမြင့်စွာ လောင်ကျွမ်းနိုင်ကြောင်း တွေ့ရှိရပါသည်။

အကြံပြုချက်များ

၉၂။ (က) လူစုလူဝေးခွဲရာတွင်သုံးစွဲရန် ရည်ရွယ်သည့် မည်သည့်ပစ္စည်းကိုမဆို ကြိုတင်စမ်းသပ်ပြီးထိခိုက်မှု၊ အကျိုးသက်ရောက်မှုနှင့် ဘေးထွက်ဆိုးကျိုးအန္တရာယ် မည်သို့ရှိသည်ကို ရဲတပ်ဖွဲ့ဝင်များက ကြိုတင်စမ်းသပ် လေ့လာသင့်သည်။ ထို့အပြင် လိုအပ်လျှင် လိုအပ်သလို ပြည်တွင်းတွင်လည်းကောင်း၊ နိုင်ငံတကာ အကူအညီ များရယူပြီး ပြည်ပသို့စေလွှတ်၍ လည်းကောင်း လေ့ကျင့်သင်ကြားစေသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(ခ) မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ အဓိကရုဏ်းနှိမ်နင်းမှု လေ့ကျင့်ခြင်းကို မိမိအစီအစဉ်ဖြင့်လည်းကောင်း၊ နိုင်ငံတကာ အကူအညီ ရယူ၍လည်းကောင်း အမြန်စတင်လေ့ကျင့်သင့်ပါကြောင်းနှင့် အဆင့်မြင့်နိုင်ငံခြား သင်တန်းများ သို့လည်း စေလွှတ်သင်ကြားစေသင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

(ဂ) မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များတွင် ခေတ်နှင့်အညီ ပြုပြင်ပြောင်း လဲရေး(Reform) လုပ်ဆောင်နေသည်ဟုသိရှိရပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ထင်သာမြင်သာရှိစွာဖြင့် ဆောလျင်စွာ ဆောင်ရွက်သင့်ကြောင်း အကြံပြုတင်ပြအပ်ပါသည်။

ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေ

(၂၀၁၁ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၁၅)

၉၃။ (က) တွေ့ရှိသုံးသပ်ချက်

        (၁) ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅၄၊ ပုဒ်မခွဲ(ခ)တွင် ̏̏ နိုင်ငံသားတိုင်းသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့်ဥပဒေများနှင့် မဆန့်ကျင်လျှင် လက်နက်မပါဘဲ ငြိမ်းချမ်းစွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့် အခွင့်အရေးများကို လွတ်လပ်စွာ သုံးစွဲဆောင်ရွက်ခွင့်ရှိသည် ̋ ဟုပြဋ္ဌာန်းထားသည့်အလျောက် နိုင်ငံသားများက ယင်းအခွင့်အရေးများကို ဥပဒေနှင့်အညီ သုံးစွဲဆောင် ရွက်နိုင်ရန် အလို့ငှာ ပြည်ထောင်စုလွှတ်တော်သည် ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်း လှည့်လည် ခွင့်ဆိုင်ရာဥပဒေကို ပြဋ္ဌာန်းခဲ့ပါသည်။ ဤဥပဒေတွင် ဒီမိုကရေစီကျင့်စဉ်အား လေးစားလိုက် နာသော နိုင်ငံသားများ ဖြစ်စေရန်နှင့် ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်စေရန် ပုဒ်မ ၂၄ ခုဖြင့်လည်းကောင်း၊ နည်းဥပဒေတွင် ပုဒ်မ ၂၇ ခုဖြင့်လည်းကောင်း ပြဋ္ဌာန်းပေးထားပြီး နိုင်ငံသားများအနေဖြင့် မိမိတို့၏ လိုအင်ဆန္ဒနှင့် စပ်လျဉ်း၍ ဆောင်ရွက်ခွင့်ရှိသည့်နည်းလမ်းများ ဖော်ထုတ်ခွင့်၊ ဟောပြောခွင့်များကို စနစ်တကျ ဆောင်ရွက်ခွင့်ပြုထားသော်လည်း နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီမှုမရှိကြောင်း တွေ့ရှိရပါသည်။

(၂) လက်ပံတောင်းတောင်ကြေးနီစီမံကိန်းနယ်မြေအတွင်း ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော်လည်း ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့် ခွင့်ပြုမိန့်လျှောက်ထားခြင်းမပြုခဲ့ကြဘဲ ၃-၃-၂၀၁၂ ရက်နေ့မှ ၂၅-၁၁-၂၀၁၂ ရက်နေ့အထိ ကာလအတွင်း ၁၂၄ ကြိမ်ခန့် ဆူပူဆန္ဒပြခဲ့ကြကြောင်း၊ မြန်မာ-ဝမ်ပေါင်ကုမ္ပဏီဝန်းကျင်တွင် ဥပဒေနှင့်ဆန့်ကျင်သော လူစုလူဝေး၊ သံဃာထုဖြင့် သပိတ်စခန်း ၆ နေရာ ဖွင့်လှစ်ဆန္ဒပြမှု ၁၇-၁၁-၂၀၁၂ ရက်နေ့မှ ၂၉-၁၁-၂၀၁၂ ရက်နေ့အထိ ၁၃ ကြိမ် ရှိခဲ့ကြောင်း တွေ့ရှိရပါသည်။ ထိုအခြေအနေအရ ပြည်ထဲရေးဝန်ကြီးဌာနက စီမံကိန်းနယ်မြေတစ်ဝိုက် ဆန္ဒပြနေသော အဖွဲ့အစည်းအားလုံး ၂၇-၁၁-၂၀၁၂ ရက်နေ့ ၂၄း၀၀ ချိန်တွင် နောက်ဆုံးထားပြီး ဖယ်ရှားရှင်းလင်းပေးရန်နှင့် အကယ်၍ ဖယ်ရှားရှင်းလင်းခြင်းမပြုပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တည်ဆဲဥပဒေများအတိုင်း အဆင့်ဆင့်ဖြေရှင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၇-၁၁-၂၀၁၂ ရက်နေ့တွင် သတိပေးထုတ်ပြန်ကြေညာခဲ့ကြောင်း သိရှိရပါ သည်။

(၃) ထိုသို့ သတိပေးခဲ့သော်လည်း လူစုလူဝေးမှာ ထွက်ခွာသွားခြင်းမရှိသဖြင့် ၂၈-၁၁-၂၀၁၂ ရက်နေ့တွင် ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၁၂၇၊ ၁၂၈ တို့အရ လူစုလူဝေးကို ဥပဒေနှင့်အညီ အင်အားသုံးရှင်းလင်းဖယ်ရှားရေးအတွက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါသည်။ ထိုသို့ ဥပဒေနှင့်အညီ ထုတ်ပြန်ပြီးနောက် နောက်ဆုံးထွက်ခွာပေးရန် သတ်မှတ်သည့်အချိန်မတိုင်မီ လုံခြုံရေးတပ်ဖွဲ့ဝင်များက  အသံချဲ့စက်များဖြင့် လူစုခွဲရန် အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့သည့်အပြင် သတ်မှတ်ချိန်ကျော်လွန်သည့်တိုင် ထွက်ခွာပေးခြင်းမရှိသဖြင့် ထပ်မံ၍ အကြိမ်ကြိမ်မေတ္တာရပ်ခံခဲ့ကြောင်း၊ သို့သော် ဆန္ဒပြသူများက အဆိုပါနေရာမှ ထွက်ခွာသွားခြင်း၊ လူစုခွဲခြင်းမရှိသဖြင့် ၂၉-၁၁-၂၀၁၂ ရက်နေ့နံနက် ၀၃း၀၀ နာရီတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့က အဓိကရုဏ်းနှိမ်နင်းရေးနည်းစနစ်များအတိုင်း အဆင့်ဆင့်ရှင်းလင်းဆောင်ရွက်ခဲ့ကြောင်း၊ မီးသတ်ပိုက်များနှင့် မီးခိုးဗုံးများအသုံးပြု၍ ဖြိုခွဲခဲ့ကြောင်း စိစစ်တွေ့ရှိရပါသည်။

(ခ) အကြံပြုချက

(၁) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို အများပြည်သူသိရှိနိုင်ရေး၊ လိုက်နာနိုင်ရေး ဆောင်ရွက်မှုအားနည်းကြောင်း တွေ့ရှိရသဖြင့် အုပ်ချုပ်ရေးအဖွဲ့များက လူထုအားပညာပေးခြင်း၊ ပို့ချခြင်းများဆောင်ရွက်သင့်ကြောင်း အကြံပြုအပ်ပါသည်။

(၂) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေအား လျှောက်ထားလာပါက နည်းဥပဒေပုဒ်မ ၁၆ နှင့်အညီ ဥပဒေများနှင့် မဆန့်ကျင်လျှင် ခွင့်ပြုမိန့်ထုတ်ပေးရန် ငြင်းပယ်ခြင်းမပြုသင့် ကြောင်း အကြံပြုအပ်ပါသည်။

(၃) ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ခွင့်ဆိုင်ရာ နည်းဥပဒေပုဒ်မ ၁၈ တွင် ̏ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ရဲတပ်ဖွဲ့မှူးက အတည်ပြုကြောင်း သို့မဟုတ် ပယ်ဖျက်ကြောင်း အဆုံးအဖြတ်ပေးရမည်ဟု ပါရှိပါသည်။ ̋ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ကို ခွင့်ပြုနိုင်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် အဓိကရုဏ်းဖြစ်လာပါက ဖြိုခွင်းရန်လည်း တာဝန်ယူရမည်ဖြစ်ရာ ခွင့်ပြုနိုင်သည့် အခွင့်အာဏာကိုပါ ရဲတပ်ဖွဲ့သို့ အပ်နှင်းထားခြင်းမှာ မသင့်ကြောင်းနှင့် လိုအပ်သကဲ့သို့ ဥပဒေကို ပြင်ဆင်သင့်ကြောင်း အကြံပြုအပ်ပါသည်။

ကော်မရှင်၏ အထွေထွေသုံးသပ်ချက်နှင့် အကြံပြုချက်များ

၉၄။ ကော်မရှင်သည် ပေးအပ်သည့် တာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတော်၏ ရေရှည်အကျိုးစီးပွား၊ ပြည်သူလူထု အကျိုးစီးပွား အပြုသဘောဆောင်သည့် အမြင်တို့ဖြင့် ဆောင်ရွက်ခဲ့ပါသည်။ လက်ပံ တောင်းတောင်ကြေးနီစီမံကိန်းနှင့် ပတ်သက်၍ ဒေသခံပြည်သူအချို့မကျေနပ်ခြင်း၏ အခြေခံအကြောင်း ရင်းများကို သုံးသပ်ပြီး အောက်ပါအတိုင်း အကြံပြုအပ်ပါသည်-

(က) မြေသိမ်းဆည်းသည့်ဖြစ်စဉ်တွင် အားနည်းမှုများရှိနေရာ ထိုအချက်တို့ကို ပြန်လည်ပြင်ဆင်ပြီးဒေသခံတို့၏  နစ်နာချက်များ မရှိစေရန် ဖြည့်စွက်ပံ့ပိုးပေးသည့် အစီအမံများ ချမှတ်စေရန်-

(၁) ဒေသခံတို့အားမြေလျော်ကြေးများပေးရာတွင် ဥပဒေနှင့်အညီ ဆောင်ရွက်သည်ဆိုသော်လည်း ပေးအပ် သည့် လျော်ကြေးသည် ကာလတန်ဖိုးမဟုတ်သဖြင့် ဒေသခံများအတွက် ဆုံးရှုံးနစ်နာမှုများ ရှိခဲ့ပါသည်။ သို့ဖြစ် ရာ မြေယာလျော်ကြေးပေးမှုကို ပြန်လည်သုံးသပ်ပြီး ပေးအပ်သည့် လျော်ကြေးကိုကာလတန်ဖိုး (Market Value )နှင့် ကိုက်ညီစေရန် အတွက် တိုးမြှင့်ပေးသင့်ပါသည်။

(၂)လက်ပံတောင်းတောင်စီမံကိန်းအတွက် မြေများကိုသိမ်းယူရာတွင်လည်း စုစုပေါင်း ၇၈၆ ဒသမ ၇၈ ဧကကို သိမ်းဆည်းခဲ့ပါသည်။ထိုသို့သိမ်းဆည်းသည့် ပမာဏသည် လိုအပ်သည်ထက်ပိုမိုသည်ဟု ကော်မရှင်ကသုံး သပ်ပါသည်။ သတ္တုတွင်းစီမံကိန်းအတွက် သတ္တုသိုက်များသာမက အခြားစိုက်ပျိုးဧရိယာများစွာ ရယူထား သည်ကိုတွေ့ရှိရပါသည်။ ထို့ကြောင့် သတ္တုတွင်းစီမံကိန်းနယ်မြေအား စိစစ်ပြီးပြန်လည်ပေးနိုင်သည့် လယ်ယာ မြေများကို ပြန်လည်ခွဲဝေပေးသင့်ပါသည်။

(၃)ဒေသခံများ ဆုံးရှုံးသွားသော လယ်ယာမြေများအား အစားပေးသည့်အနေဖြင့် ၄င်းရွာများဝန်းကျင်ရှိ မြေလွတ်မြေလပ် ၁၉၀၀ ဧက ခန့်အား စိုက်ပျိုးနိုင်သည့် မြေဖြစ်အောင် ပြုပြင်ပေးပြီး ခွဲဝေပေးသင့်ပါသည်။

()လက်ပံတောင်းတောင်ကြေးနီစီမံကိန်းဆောင်ရွက်ရာတွင် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အစီအစဉ်များကို ချမှတ်ပြီး စနစ်တကျ ဆောင်ရွက်စေရန်

(၁)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအား ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အတွက် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုစနစ်၊ လုပ်ငန်းခွင်စီမံခန့်ခွဲမှုစနစ်၊ လူမှုဝန်းကျင်စီမံခန့်ခွဲမှုစနစ်များကို ရေးဆွဲ ကျင့်သုံး လိုက်နာဆောင်ရွက်ခြင်းမရှိပါ။ ၁၉၉၇ ခုနှစ်တွင် အိုင်ဗင်ဟိုကုမ္ပဏီမှ ပြုစုထားသော အကြိုဖြစ်နိုင်စွမ်း လေ့လာချက်များအပေါ်တွင် အခြေခံ၍ လုပ်ဆောင်နေကြခြင်းဖြစ်ပါသည်။ ယခုကျင့်သုံးသည့် နိုင်ငံတကာ စံချိန်စံညွန်းသည် ထိုစဉ်က အမှီပြုခဲ့သော နိုင်ငံတကာစံချိန်စံညွှန်းထက်ပိုမိုမြင့်မားပါသည်။ထိုကြောင့် ၀မ်ပေါင် ကုမ္ပဏီအနေဖြင့် သြစတျေးလျနိုင်ငံမှ ကုမ္ပဏီတစ်ခုအားပြုစုစေနေသော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု၊ ထုတ်လုပ်မှုစီမံခန့်ခွဲခြင်း၊ လုပ်ငန်းခွင်ဘေးကင်းလုံခြုံမှုနှင့်ကျန်းမာရေးဆိုင်ရာ၊စီမံခန့်ခွဲမှုဆိုင်ရာ (ISO 14001, ISO 9001 နှင့် OHSAS 18001)လက်မှတ် ၃ ခုကို အမြန်ဆုံးရယူပြီးလိုအပ်သော လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်သင့်ပါသည်။လက်ပံတောင်းတောင် ကြေးနီစီမံကိန်းသည် ယခုအခါ လုပ်ငန်း စသည့် အဆင့်သာ ရှိသေးရာ ပတ်ဝန်းကျင်ထိန်းသိမ်းမှု ယိုယွင်းမှုများကို ယခုအဆင့်တွင် ကာကွယ် ထိန်းသိမ်း ခြင်းမပြုပါက ပတ်ဝန်းကျင်ယိုယွင်းမှုများစွာ ဖြစ်လာနိုင်ပါသည်။

(၂)လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် တိုက်ရိုက်သက်ဆိုင်မှုမရှိသော်လည်း ကံကုန်းကျေးရွာအနီးရှိ မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်၏ ဆာလ်ဖျူရစ်အက်စစ်စက်ရုံသည် စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူထား ခြင်းမရှိသည့်အပြင် ပတ်ဝန်းကျင် ထိန်းသိမ်းမှုကာကွယ်ရန် ISO လက်မှတ်လည်း ရယူထားခြင်း မရှိပါ။ဤစက်ရုံကြောင့် ပတ်ဝန်းကျင်ရွာများတွင် ကျန်းမာရေးထိခိုက်စေသည်ဟု ဒေသခံတို့က ခံယူကြ ပါသည်။ သို့ဖြစ်ရာ အဆိုပါစက်ရုံအားလိုအပ်သည့်စက်မှုဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်း ကာကွယ်မှုကို နိုင်ငံတကာအဆင့်နှင့်ကိုက်ညီစွာ ထိန်းသိမ်းကာကွယ်နေသည်ဟုထင်ရှားစေရန် ISO Certificate  ကိုရယူပြီး အကောင်အထည်ဖော် ဆောင်ရွက်သင့်ပါသည်။

(၃) လက်ပံတောင်းတောင်ဒေသတွင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုဖြစ်စေသည့် ဖြစ်ရပ်တစ်ခုမှာ ၁၉၈၄ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်အတွင်း စွန့်ပစ်ခဲ့သည့် မြေစာပုံများမှ အနီးအနားကျေးရွာလူထုက ဒေသန္တရနည်းဖြင့် ဒုတ္ထာ/ကြေးနီ ချက်လုပ်နေသည့် ကိစ္စဖြစ်ပါသည်။ထိုလုပ်ငန်းသည် ကျေးရွာလူထုအတွက် အားထားရာ အသက်မွေး လမ်းကြောင်းဖြစ်သော်လည်း ကျေးရွာလူထု၏ ကျန်းမာရေးကိုထိခိုက်စေနိုင်ခြင်း၊မြေသားများညစ်နွမ်းပြီး ရေများကို လည်းညစ်ညမ်းစေသဖြင့် ထိုလုပ်ငန်းအစား အခြားအန္တရာယ်ကင်းစွာ လုပ်ကိုင်နိုင်မည့် စီးပွားရေး လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ပေးသင့်ပါသည်။

(၄)မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်နှင့် ၀မ်ပေါင်ကုမ္ပဏီ တို့ချုပ်ဆိုသည့်စာချုပ်ကို နိုင်ငံတော်အတွက် အကျိုး၊ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်အကျိုးပြည့်ဝစွာ ရရှိစေရန် ညှိနှိုင်းပြီး ပြန်လည်ပြင် ဆင်ရန်လိုအပ် ပါသည်။ ကော်မရှင်က ခန့်ထားသော ဘာသာရပ်နှင့်ဥပဒေကျွမ်းကျင်သူတို့၏ သုံးသပ်ချက်တွင် မြန်မာ့စီးပွားရေးဦးပိုင် လိမိတက်နှင့်ဝမ်ပေါင်ကုမ္ပဏီ တို့ ချုပ်ဆိုသည့် စာချုပ်သည် သတ္တုတွင်းဝန်ကြီးဌာနက ထုတ်ဝေမှုခွဲဝေသည့် စာချုပ်(Product Sharing Contract)ပုံစံဖြင့် ချုပ်ဆိုထားသည်ကိုတွေ့ရှိရရာ နိုင်ငံခြားကုမ္ပဏီဖြင့် ကြေးနီ စီမံကိန်းကို ချုပ်ဆိုရာတွင် သာမန်ပုံစံမျိုးမဟုတ်ဘဲ အသေးစိတ်အချက်အလက်များပါဝင်ကာ ပတ်ဝန်းကျင် ထိခိုက်မှုသုံးသပ်ချက်၊လူမှုရေးသုံးသပ်မှု အချက်အလက်စသည်တို့ကိုပါ ထည့်သွင်းချုပ်ဆို သင့်ပါသည်။ စာချုပ်တွင်ထိုသို့ပြင်ဆင်ချုပ်ဆိုနိုင်ကြောင်း ဖော်ပြထားပါသည်။မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်သည် ကော် မရှင်နှင့် ဆွေးနွေးချက်များအပေါ်မူတည်ပြီး စာချုပ်ကိုပြင်ဆင်ရန် အတွက်လုပ်ဆောင်နေသည်ကို တွေ့ရှိရပါ သည်။

(ဂ)သာသနိက အဆောင်အအုံကိစ္စ။ လက်ပံတောင်းတောင် ဒေသခံအများက ကြေးနီစီမံကိန်းပြုလုပ်သည့် နယ်မြေ သည် ပထမ လယ်တီဆရာတော်ဘုရားကြီးသီတင်းသုံးခဲ့သည့်နေရာဖြစ်ပြီး လက်ရှိတောင်ကုန်း ကလပ်ပေါ်တွင်  ကျန်ရှိနေသော စေတီနှင့်သိမ်တို့သည် ဆရာတော်ဘုရားကြီးတည်ထားသည့် အဆောက် အအုံများဖြစ်သဖြင့် နေရာမပျက်ထားရှိသင့်သည်ဟု ယူဆကြပါသည်။ ကော်မရှင်၏လေ့လာ တွေ့ရှိချက်များ အရလည်းကောင်း၊ လွှတ်တော်ရေးရာကဏ္ဍအရလည်းကောင်း၊ ကော်မရှင်မှ တာဝန်ပေးအပ်သည့် မြန်မာ့ ပတ်ဝန်းကျင်သိပ္ပံမှ ယဉ်ကျေးမှုရေးရာကျွမ်းကျင်သူ၏ တင်ပြချက်အရ လည်းကောင်း ဆရာတော်ကြီး သီတင်း သုံးခဲ့သည့် စင်္ကြန်ကျောင်းနေရာနှင့် ပတ်သက်၍ ကွဲပြားခြားနားချက်ရှိနေသည်ကို တွေ့ရှိရပါသည်။ မှတ် တမ်းများအရ လက်ပံတောင်းတောင်ကြား တောရစင်္ကြန်ကျောင်းဟုသာ ဖော်ပြထားသည်ကို တွေ့ရှိရပါ သည်။ ဆရာတော်ဘုရားကြီးအနေနှင့် တစ်မိုးတစ်ဝါခံ(၀ါး)ကျောင်းမျိုးသားလက်ခံခဲ့ကြောင်းလည်း သိရှိခဲ့ရပါသည်။ အဆိုပါစေတီနှင့် သိမ်တို့သည် ပထမလယ်တီဆရာတော်ဘုရားကြီး တည်ထားသည့် သာသနိက အဆောက် အအုံများဖြစ်ကြောင်း အထောက်အထား မတွေ့ရှိရပါ။

() မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ ပြုပြင်သင့်သော ကိစ္စရပ်များ

(၁)     ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ဒီမိုကရေစီစနစ် စနစ်ကို ပျိုးထောင်လျက်ရှိရာ ပြုပြင် ပြောင်းလဲမှုကိစ္စရပ်များကိုလည်း ပြုလုပ်လျက်ရှိပါသည်။ ထိုသို့ ပြုပြင်ပြောင်းလဲမှု ပြုလုပ်နေမှုအနေဖြင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့နှင့် ပတ်သက်၍ နိုင်ငံတကာစံနှုန်းများနှင့်အညီ ပြုပြင်ဆောင်ရွက်စင့်ပါသည်။ လက်ပံတောင်း တောင်စီမံကိန်းအား ဆန္ဒပြသူများကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဖြိုခွဲသည့်ဖြစ်စဉ်ကို ကြည့်ပါလျှင် ရဲတပ်ဖွဲ့ကို ပြုပြင် ပြောင်းလဲမှုများနှင့် လေ့ကျင့်သင်ကြားမှုများ ပြုလုပ်ပေးရန် လိုအပ်သည်ဟု ကော်မရှင်အနေဖြင့် ထင်မြင်ယူဆ ပါသည်။

(၂)     သပိတ်စခန်းကို ဖြိုခွဲရာတွင် နံနက် ၃ နာရီခန့်ကို ရွေးချယ်ပြီး ဆောင်ရွက်ခြင်းမှာ ထိခိုက်ဒဏ်ရာ အနည်းဆုံးဖြစ်စေရန် ဆုံးဖြတ်ဆောင်ရွက်ခဲ့သည်ဟု သိရှိရသော်လည်း  ဤဆုံးဖြတ်ချက်သည် ဖြစ်နိုင်ချေရှိ သော ကိစ္စအရပ်ရပ်ကို ထည့်သွင်းစဉ်းစားခဲ့ခြင်းမရှိဟု ကော်မရှင်က သုံးသပ်ပါသည်။ အလင်းရောင် မလုံလောက်သော အချိန်တွင် ဆောင်ရွက်ခြင်းဖြစ်သဖြင့် ဖြစ်စဉ်အတိအကျကို ထင်သာမြင်သာမရှိဘဲ မမျှော် မှန်းခဲ့သည့် ရဟန်းသံဃာအများအပြား မီးလောင်ဒဏ်ရာ ရခြင်းဖြစ်ပေါ်ခဲ့ပါသည်။ နောက်နောင်တွင် ဆန္ဒပြမှု များပေါ်ပေါက်သည့်အခါ လူစုခွဲရန် လိုအပ်သည့်အချိန်တွင် ထင်သာမြင်သာ ရှိသည့် အချိန်မျိုးတွင်သာ ဆောင် ရွက်သင့်ကြောင်း အကြံပြုပါသည်။

(၃)     ယခုအခါတွင် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာဥပဒေကို ချမှတ်ထားပြီးဖြစ်ရာ ပြည်သူလူထု၏ဆန္ဒပြမှုများ ပေါ်ပေါက်ရန်ရှိပါသည်။ သို့ဖြစ်ရာ မြန်မာနိုင်ငံရဲ တပ်ဖွဲ့အနေ ဖြင့် အဓိကရုဏ်းဖြိုခွဲရမည့်ကိစ္စများလည်း ပေါ်ပေါက်လာနိုင်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အား ဆန္ဒပြမှုကို ဖြိုခွင်းရာတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဖော့စဖောရပ်ဓါတ်ပါဝင်သည့် မီးခိုးဗုံးကို အသုံးပြုခဲ့ သည်။ ထိုမီးခိုးဗုံးကို မီးခိုးမှိုင်းကာ (Smoke Screen) အနေဖြင့် ယေဘူယျအားဖြင့် အသုံးပြုလေ့ရှိပါသည်။ ထိုမီးခိုးဗုံးကို ကွင်းပြင်တွင် အသုံးပြုကို မီးလောင်မှုမဖြစ်ပွားနိုင်သော်လည်းမီးခိုးဗုံးပေါက်ကွဲရာ ၈ မီတာ အတွင်း တွင်လောင်ကျွမ်းလွယ်သည့်အရာများ ဥပမာ-ပိုလီယက်စတာအ၀တ်စများ၊ တာပေါ်လင်ခေါ် (Polypropylene) ပလတ်စတစ် မိုးကာစများ၊မြွေရေခွံအိတ်များရှိပါက ရေစိုသည်ဖြစ်စေ ရေမစိုသည်ဖြစ်စေ ပေါက်ကွဲသည့်အရှိန် ကြောင့် မီးစုန်းစများထိမှန်ပါက မီးလောင်နိုင်ကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က စမ်းသပ်လေ့လာမှုများ အရ တွေ့ရှိရပါသည်။ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့်လည်း ယခုမီးခိုးဗုံးမျိုးကို ယာယီအဆောက် အအုံရှိသည့် နေရာမျိုးတွင် စမ်းသပ်ခဲ့ခြင်းမရှိသဖြင့် မီးခိုးဗုံး၏ အာနိသင်ကို သိရှိခြင်းမရှိကြောင်း၊ထိုသို့သိရှိခြင်းမရှိဘဲ သုံးစွဲမှုကြောင့် မမျှော်မှန်း၊မလိုလားအပ်သော မီးလောင်ဒဏ်ရာများ ရဟန်းသံဃာနှင့်လူပုဂိုလ်အချို့တွင် ရရှိခဲ့ခြင်း ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ဤအကြောင်း အချက်အလက်တို့ကို ထောက်ရှု၍ မြန်မာနိုင်ငံရဲတပ်ဖွဲ့ အား အဓိကရုဏ်းဖြိုခွဲမှုအပါအ၀င် လိုအပ်သည့် လေ့ကျင့်မှုများကို ပြုလုပ်ပေးသင့်ကြောင်း အကြံပြုအပ် ပါသည်။ ထိုသို့လေ့ကျင့်ပေးရာတွင်လည်းမိမိအစီအစဉ်ဖြင့် ဆောင်ရွက်သည့်အပြင် သင့်တင့်သည့်နိုင်ငံတကာ  အကူအညီ ရယူသင့်ကြောင်း တင်ပြအပ်ပါသည်။

()ဥပဒေစိုးမိုးရေး ပျိုးထောင်ရန်ကိစ္စ။ နိုင်ငံတော်တည်ငြိမ်မှုရစေရန်အတွက် ဥပဒေစိုးမိုးရေးမှာ များစွာ အရေးပါပါသည်။ ဥပဒေစိုးမိုးရေးကို ဆောင်ရွက်ရာတွင် ပြည်သူလူထုက ဥပဒေကို ထိန်းကျောင်းရသော နိုင်ငံတော်အဖွဲ့အစည်းများကလည်း ဥပဒေ ကိုလေးစားလိုက်နာရန်လိုအပ်ပါသည်။ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စတွင် အချို့သောဒေသခံပြည် သူများက ဥပဒေကိုချိုးဖောက်မှုများရှိခဲ့ပါသည်။ ဒီမိုကရေစီ စနစ်ကိုတည်ဆောက်ရာတွင် ပြည်သူလူထုအနေနှင့် ဥပဒေကို လေးစားလိုက်နာရန်လိုအပ်ကြောင်း ပညာ ပေးခြင်း၊ လေ့ကျင့်ပြုစုပျိုးထောင်ပေးခြင်းတို့လိုအပ် သည်ဟု ကော်မရှင်က သုံးသပ်ပါသည်။ တစ်ဖက်တွင် လည်း ချမှတ်ထားသော ဥပဒေသည် ခေတ်ကာလနှင့် ညီညွတ်ရန် လိုအပ်သည်ဖြစ်ရာ ပြင်ဆင်သင့်သော ဥပဒေတို့ကိုလည်းပြင်ဆင်ရန်လိုအပ်ပါသည်။ ဥပဒေကို ထိန်းသိမ်းတည်ဆောက်ပေးရသည့် နိုင်ငံတော်အဖွဲ့ အစည်းများသည်လည်း ဥပဒေနှင့်အညီဆောင်ရွက်ရာတွင် အုပ်ချုပ်ရေးနည်းလမ်းကို သာမက စည်းရုံးရေး နည်းလမ်းကိုပါ ကျင့်သုံးရန်အတွက် သက်ဆိုင်သည့် နိုင်ငံ့ဝန် ထမ်းများကိုလည်း လေ့ကျင့်ပညာပေးမှုများ ပြုလုပ်သင့်ပါသည်။

နိဂုံး

၉၅။     လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သင်၍ ယခုဖြစ်ရပ်များဖြစ်ပေါ်ခဲ့ခြင်း၏ အကြောင်းရင်း မှာ ပွင့်လင်းမြင်သာမှု အားနည်းခဲ့ခြင်းကြောင့် ဖြစ်ပါသည်။ ထို့အပြင် ကြေးနီစီမံကိန်း လုပ်ကိုင်ဆောင်ရွက် သူများ၊ ဒေသခံရွာသူရွာသားများ အနီးဝန်းကျင်ဒေသရှိ ပြည်သူများနှင့် ဒေသန္တရဆိုင်ရာ အုပ်ချုပ်ရေး အာဏာ ပိုင်အဖွဲ့အစည်းအဆင့်ဆင့်မှ တာဝန်ရှိ ပုဂ္ဂိုလ်များအကြား အသိပေးသင့်သည့် အချက်အလက် အပြန်အလှန် ဖလှယ်မှု လွန်စွာအားနည်းခြင်းကြောင့်လည်းကောင်း၊ ဒေသခံလူထုသည် မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ထိုက်သင့်သည့် လျော်ကြေးငွေမရရှိသဖြင့် လည်းကောင်း၊ ထိုက်သင့်သော အလုပ်အကိုင်အခွင့်အလမ်းများ မရရှိခြင်းကြောင့်လည်းကောင်း မကျေမနပ်ဖြစ်ကာ ဆန္ဒပြမှုများ စတင်ဖြစ်ပေါ်ခဲ့ခြင်းဖြစ်ပါသည်။ မြေယာသိမ်း ဆည်းရာတွင် သက်ဆိုင်ရာ ၀န်ထမ်းများက ပွင့်လင်းမြင်သာစွာ ရှင်းပြခဲ့ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် ဒေသခံများက သီးနှံအတွက် လျော်ကြေးသာပေးသည်ဟု ထင်မြင်ယူဆခဲ့ပါသည်။ ထိုသို့ လျော်ကြေးပေးရတွင်လည်း ၀န်ထမ်း အချို့က ပြေပြေလည်လည် ပြောဆိုဆက်ဆံမှုမရှိခြင်းကြောင့် ပြဿနာမှာ ပိုမိုကြီးထားလာပါသည်။ ထိုအခြေ အနေတွင် ဒေသပြင်ပ အဖွဲ့အစည်းများကလည်း ရောက်ရှိလာကာ ဆန္ဒပြမှုများမှာ အရှိန်မြင့်ခဲ့ပါသည်။ ယခု စုံစမ်းစစ်ဆေးရေးကော်မရှင်၏ စုံစမ်းစစ်ဆေးချက်များအရ ကြေးနီစီမံကိန်းတွင် အားနည်းချက်များ ရှိသော် လည်း ထိုအားနည်းချက်တို့သည် ပြင်ဆင်ဆောင်ရွက်နိုင်သည့် ကိစ္စရပ်များ ဖြစ်ပါသည်။ ထို့ကြောင့် စီးပွားရေး၊ လူမှုရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ နိုင်ငံတကာဆက်ဆံရေးရှုထောင့်မျိုးစုံကို ခြုံငုံစဉ်းစားပြီး ပြုပြင်ရန် အကြံ ပြုချက်များကို အကောင်အထည်ဖော်ဆောင်ရွက်စေလျက် လက်ပံတောင်းတောင်ကြေးနီစီမံကိန်းကို ဆက် လက်ဆောင်ရွက်စေသင့်ပါကြောင်း စုံစမ်းစစ်ဆေးရေးကော်မရှင်က အကြံပြုတင်ပြအပ်ပါသည်။

၉၆။     ကော်မရှင်သည် ပေးအပ်သော တာဝန်များကို ဆောင်ရွက်ရာတွင် နိုင်ငံတောင်သမ္မတရုံး၊ သမ္မတရုံး ၀န်ကြီးဌာန(၆)၏ ပံ့ပိုးကူညီမှုကို အပြည့်အ၀ရရှိခဲ့ပါသည်။ ကော်မရှင်လုပ်ငန်းနှင့် စပ်လျဉ်းသည့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ.၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တို့ကလည်း လိုအပ် သည်များကို ပံ့ပိုးကူညီခဲ့ပါကြောင်း ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။ အထူးသဖြင့် ကော်မရှင် အဖွဲ့ဝင်များ ကွင်းဆင်းလေ့လာခဲ့စဉ် ဒေသခံပြည်သူများက နွေးထွေးစွာ ပါဝင်ဆောင်ရွက်ပေးသည်ကိုလည်း တန်ဖိုးထား ကျေးဇူးတင်ရှိကြောင်း ကော်မရှင်အနေဖြင့် မှတ်တမ်းတင်အပ်ပါသည်။

စာအမှတ်၊ ၀၁/ကြေးနီ(ကော်မရှင်)/၂၀၁၃-၅၉

ရက်စွဲ၊ ၂၀၁၃ခုနှစ်၊မတ်လ ၁၁ ရက်

 

 

 

Advertisements

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s